အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် လျစ်လျူရှုခြင်းခံနေရသည့် တီးတိုးငိုရှိုက်သံများ

ကဏ္ဍ – Women Rights

ပြီးခဲ့တဲ့လက ဧရာဝတီသတင်းဌာနမှာတက်လာတဲ့ ရာဇ၀တ်မှုသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပြီး တော်တော်တုန်လှုပ်မိခဲ့ပါတယ်။

မ၀ါဝါဆိုတဲ့အမျိုးသမီးတစ်ဦး မိဘတွေရဲ့အစီအစဉ်နဲ့ အိမ်ထောင်မကျခင်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ၂၃နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက် ယောက်ျားဖြစ်သူက အလုပ်လုပ်ခွင့်မပေးတော့တဲ့အပြင် အိမ်ထောင်သည်ဘ၀တစ်လျှောက်လုံး ညှဉ်းပန်းနှိပ်စက်တာကို ခံရတာဟာ ငရဲကျနေသလိုပဲလို့လည်း သူကဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှု၊ ကိုယ်စိတ်နှလုံးဆင်းရဲစေမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းယိုယွင်းပျက်စီးနိမ့်ကျစေမှုတွေကို ကိုယ်ဝန်ဆောင်ချိန်ကနေ သမီးငယ်လေးနှစ်ကျော်တဲ့အထိ မ၀ါဝါတစ်ယောက်ခံစားခဲ့ရတယ်လို့ ဧရာဝတီကိုရင်ဖွင့်ထားပါတယ်။

ကျနော်တို့ ပတ်ဝန်းကျင်မှာ နောက်ထပ် မ၀ါဝါတွေအများကြီးရှိနေပါသေးတယ်။ မိဘအိမ်မှာ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်လိုတရဘ၀နေခဲ့ရပေမယ့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အိမ်တွင်းအကြမ်းဖက်ခံရ၊ ရိုက်နှက်ခံရပြီး တိုင်စရာတန်းစရာမရှိ၊ ရင်ဖွင့်အန်ချစရာလူမရှိဘဲ ဘ၀ကိုရေစုန်မျော ကြိတ်မှိတ်ခံနေရရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထေးပါ။

ဆွလားသ်ငါးကြိမ်ဝတ်ပြုပြီး ဘာသာရေးကိုင်းရှိုင်းပါပေ့ဆိုတဲ့ အသိုင်းအ၀ိုင်းမှာတောင် ဒါမျိုးတွေဖြစ်လေ့ရှိပါတယ်။ ဘာသာရေးလိုက်စားတယ်ဆိုတာကို ဗလီရဲ့ပရ၀ုဏ်အတွင်းမှာသာ ကျင့်သုံးကြတဲ့ မိသားစုတွေရဲ့နောက်ကွယ်မှာ အိမ်အတွင်း အနှိပ်စက်ခံရတဲ့ ချွေးမတွေရှိပါတယ်။

တချို့လူမဆန်တဲ့အိမ်ထောင်ဦးစီးများကတော့ “အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မှာ” ဆိုတဲ့ လူပြိန်းကြိုက် ဦးနှောက်မဲ့သူများရဲ့စကားကို ကိုးကားတတ်ကြပါသေးတယ်။ တချို့ဆို ဘာအကြောင်းပြချက်မှမရှိဘဲ အိမ်အပြင်မှာ အလေလိုက်၊ ဆေးချ၊ အရက်သောက်၊ မိန်းမလိုက်ပြီး အိမ်ရောက်တာနဲ့ ကိုယ့်ဇနီးမျက်နှာကို ရောင်ကိုင်းနေအောင် ထိုးကြိတ်ကြပါတယ်။ ဒီမျက်နှာကို ညကျနမ်းပြီး မနက်ကျပါးရိုက်တဲ့ သတ္တိခဲများလည်းရှိပါသေးတယ်။ ယောက်ျားလေးနဲ့ယှဉ်ရင် အားအင်ပျော့နွဲ့တဲ့မိန်းကလေးတွေကို လက်သီးနဲ့ထိုးပြီး ဟဲဗီးဝိတ်ချန်ပီယံလုပ်နေကြသူတွေလည်းအများကြီးပါ။

လူ့ကျင့်ဝတ်အရ ရိုင်းစိုင်းယုတ်မာတဲ့လုပ်ရပ်ဖြစ်သလို ဘာသာရေးရှုထောင့်အရကြည့်မယ်ဆိုရင်လည်း ကြီးမားတဲ့ ၈ုနာဟ်အကုသိုလ်တစ်ခုဖြစ်ပါတယ်။

နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် နဗီတမန်တော်မုဟမ္မဒ်သခင် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဇနီးသည်တွေရဲ့ဝတ္တရားနဲ့ စပ်လျဉ်းပြီး ဒီလိုအမိန့်ရှိခဲ့ပါတယ်။

“အသင်တို့ထဲမှ အကောင်းဆုံးသူမှာ ဇနီးမယားများနှင့် ကောင်းမွန်စွာဆက်ဆံသူဖြစ်ပြီး ငါတမန်တော်သည် ငါ၏မိသားစုဝင်များနှင့် အကောင်းဆုံးဆက်ဆံသူတစ်ဦးဖြစ်သည်”

တမန်တော်မြတ်ကြီးဟာ ဇနီးသည်ဆယ့်တစ်ပါးနဲ့ ပေါင်းသင်းနေထိုင်ခဲ့ပေမယ့် ဘယ်တော့မှ ဘယ်ဇနီးသည်ကိုမှ လက်တင်ခဲ့ခြင်း ရိုက်ပုတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကိုယ်တော်မြတ်ကွယ်လွန်ချိန် ဦးခေါင်းတော်ဟာ ဇနီးသည် အာအေရှာဟ် သခင်မရဲ့ ရင်ခွင်ထဲမှာရှိနေခဲ့ပါတယ်။ ဇနီးသည်တွေကို ဂုဏ်ပေးလေးစားခဲ့ပြီး အပြန်အလှန်နားလည်မှုတွေနဲ့ လှပတဲ့ဘ၀ကိုတည်ဆောက်ပြခဲ့ပါတယ်။

မိသားစုအသိုင်းအ၀ိုင်းမရှိတဲ့မိန်းမများကတော့ နေ့စဉ်အိမ်အတွင်းအကြမ်းဖက်ခံနေရပေမယ့် ထွက်ပြေးစရာနေရာမရှိ၊ ပြောပြစရာလူမရှိတဲ့အတွက် ကျီးထိုးထိုး ခွေးစားစား ဒီသူယုတ်မာနှိပ်စက်သမျှ ကြိတ်မှိတ်ခံပြီး ဘ၀ကို ကုန်ဆုံးနေရပါတယ်။

မိဘနဲ့အိမ်သက်သက်စီနေပေမယ့် အမေဖြစ်သူက သားကိုဖုန်းဆက်ပြီး “သားရေ၊ မင်းမိန်းမကို လက်သီးနဲ့ ထိုးစမ်းလို့” အမိန့်ပေးလိုက်တာနဲ့ သားဖြစ်သူက အမေခိုင်းတဲ့အတိုင်း ကိုယ့်မိန်းမမျက်နှာကို မျက်ရည်ကျတဲ့အထိ လက်သီးနဲ့ ထိုးခဲ့တဲ့လင်မယား မကြာခင်ကပဲ အိမ်ထောင်ကွဲသွားကြပါပြီ။

အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတွေမှာဆိုရင် ဇနီးသည်ကို အက်ဆစ်နဲ့ပက်တာမျိုး၊ ရေနွေးပူနဲ့လောင်းတာမျိုးအထိ ဖြစ်တတ်ပါသေးတယ်။

အိမ်ဖော်ကောင်မလေးတွေကို နှိပ်စက်တဲ့မွတ်စလင်မိသားစုတွေကြားထဲ အင်းဝအပ်ချုပ်ဆိုင်မိသားစုအမှုဟာ နိုင်ငံကျော်ဖြစ်သွားသလို မ၀ါဝါလိုအိမ်အတွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအကြောင်းလည်း မီဒီယာစာမျက်နှာပေါ်ရောက်လာနေပါပြီ။ “ငါလုပ်တာဘယ်သူမှမသိပါဘူး” ဆိုပြီး ရမ်းကားရက်စက်သူတွေအနေနဲ့လည်း ဘယ်နေ့လောကမှာတင် အရှက်တကွဲအကျိုးနည်းဖြစ်ရမလဲဆိုတာကို တွေးထားကြပါ။

အိမ်တွင်းအကြမ်းဖက်မှုတွေကို ဝေးဝေးရှောင်ပြီး သာယာလှပတဲ့အိမ်ထောင်လေးတည်ဆောက်ရင်း သားသမီးတွေကို စိတ်ဒဏ်ရာပေးခြင်းမှ လွတ်မြောက်အောင်ကြိုးစားကြပါလို့ ဉာဏ်အလင်းကတစ်ဆင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

(M.အောင်မြတ်ဦးရေးသည်)

မတ်လထုတ် အတွဲ(၁) အမှတ်(၄) Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz