အိမ်အကူများကိုအကြမ်းမဖက်ကြပါနှင့်

ကဏ္ဍ – Domestic Issue

ပြီးခဲ့သည့်မတ်လအတွင်း မြောက်ဥက္ကလာပ အောင်မင်္ဂလာကားကြီးကွင်း စတိုးဆိုင်တစ်ဆိုင်၌ အိမ်အကူကလေးငယ်များအား နှိပ်စက်ညှင်းပန်းသည့် မိသားစုတစ်စုကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ပိုင်ရှင်သည် အစ္စလာမ်ဘာသာဝင်ဖြစ်သည့်အတွက် နိုင်ငံကျော်အင်းဝအမှုနောက်ပိုင်း မွတ်စလင်များကျူးလွန်သည့် ဒုတိယမြောက် ရာဇ၀တ်မှုဖြစ်နေသည်။

အိမ်အကူကလေးနှစ်ဦးမျက်နှာသည်ယောင်ကိုင်းနေသည်။ မျက်လုံးများညိုမည်းနေသည်။ သံပူနှင့်မျက်နှာကိုကပ်သည်ဟု သိရသည်။ အရှက်ကင်းမဲ့ပြီး အောက်တန်းကျသည့် ညှင်းပန်းနှိပ်စက်မှုဖြစ်သည်။ အင်အားမျှတသည့် လက်ဝှေ့သမားနှစ်ယောက်ကြိုးဝိုင်းထဲတွင်အပြန်အလှန်ထိုးသတ်သည်ကို ကြည့်ရတာ ခံသာသေးသည်။ မိမိအိမ်၌ ၀တ်ကြီးဝတ်ငယ်ပြုပေးနေသည့် ကလေးငယ်နှစ်ဦးကို လူမဆန်စွာရိုက်နှက်သည်မှာ သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည်။

“တမန်တော်မြတ်သခင်မိန့်ကြားတော်မူတယ်။ မြေပထ၀ီပေါ်မှာရှိတဲ့အဖန်ဆင်းခံတွေကို အသင်တို့သနားကြင်နာကြ၊ မိုးကောင်းကင်ပေါ်မှာရှိတဲ့အလ္လာဟ်အရှင်မြတ်သခင်ကလည်း သနားကြင်နာလိမ့်မယ်။ အိမ်ဖော်ဆိုတာ ကျနော်တို့ရဲ့ မိသားစုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေတဲ့ကူဖော်လောင်ဖက်တွေပါ။ ဘ၀ပေးအခြေအနေအရ ကျနော်တို့မလုပ်နိုင်တဲ့ အလုပ်တွေကို ကျနော်တို့မယူနိုင်တဲ့မဖြစ်စလောက်လစာငွေယူပြီးတော့ အသက်မွေးဝမ်းကြောင်း ပြုနေကြတဲ့လူတွေဖြစ်တယ်” ဟု ရောင်နက်အစ္စလာမ်ဗလီ ရှေ့ဆောင်ဆရာ မုဖ်သီအလီက ပြောသည်။

နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ဒွန်နယာလောကမှ ခွဲခွာနေချိန် မိမိနှုတ်တော်မှ နောက်ဆုံးအနေဖြင့် လူသားများအား အချက်နှစ်ချက်နှင့်ပတ်သက်ပြီး ဆုံးမခဲ့သည်။ ပထမတစ်ချက်မှာ ဆွလားသ်ဝတ်ပြုခြင်းဖြစ်ပြီး ဒုတိယတစ်ချက်မှာ လက်အောက်ငယ်သားများအပေါ် ကောင်းမွန်စွာဆက်ဆံဖို့ဖြစ်သည်။

တမန်တော်မြတ်သည် မိမိကိုယ်တိုင်လည်း အိမ်မှဝန်ထမ်းများပြုစုသူများကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ ဤသည်နှင့်ပတ်သက်ပြီး တမန်တော်မုဟမ္မဒ်ကို ဆယ်နှစ်တိုင်တိုင်ဝတ်ကြီးဝတ်ငယ်ပြုလုပ်ပေးခဲ့သည့် လူငယ်ဆွဟာဗီ ဟဇရသ်အနတ်စ် (ရသွေ့)က ဤသို့အမိန့်ရှိသည်။

“ကျနော်အသက် ဆယ်နှစ်အရွယ်မှာ ကျနော့်မိခင်က ကိုယ်တော့်ထံအပ်နှံခဲ့တယ်။ ကျနော့်အသက် နှစ်ဆယ်မှာ တမန်တော်ကွယ်လွန်ခဲ့တာကြောင့် ကျနော်ဟာ ကိုယ်တော့ကို ဆယ်နှစ်တိုင်တိုင် ခေဒ်မသ်ပြုစုခွင့်ရခဲ့တယ်။ အဲဒီဆယ်နှစ်တာကာလအတွင်းမှာ ကိုယ်တော်ဟာ အနတ်စ်ရေ၊ မင်းဘာကြောင့်ဒီလိုလုပ်ရသလဲ၊ မင်းဘာကြောင့် ဒီလိုမလုပ်ရတာလဲ လို့ တစ်ကြိမ်တစ်ခါတောင် ကျနော့်ကိုမပြောဖူးပါ” ဟူ၏။

မုဖ်သီအလီက “လက်ရှိဖြစ်ပေါ်လျက်ရှိတဲ့ အိမ်ဖော်မလေးတွေကို မတရားဖိနှိပ်ပြီး ညှင်းပန်းနှိပ်စက်ခြင်းဟာ အစ္စလာမ်သာသနာတော်ရဲ့ အဆုံးအမတွေနဲ့ လုံးလုံးလျားလျားဆန့်ကျင်နေပါတယ်။ လူသားဆန်တဲ့စိတ်ဓာတ်ပိုင်ရှင်တွေ မလုပ်သင့်မလုပ်အပ်တဲ့လုပ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပါတယ်” ဟု သူ၏သဘောထားကိုပြောခဲ့သည်။

ဤသည်ပင် အစ္စလာမ်ဘာသာဝင်များ၏ နဗီတမန်တော်မြတ်၏ ဘ၀နေထိုင်မှုပုံစံဖြစ်သည်။ ယနေ့ တမန်တော်၏နောက်လိုက်များဟု အမည်ခံထားသူ မွတ်စလင်များ အိမ်အကူကလေးများကို အကြမ်းဖက်နေကြသည်ကို ကိုယ်တော်မြတ်သာ တွေ့ရှိပါက မည်မျှစိတ်မကောင်းဖြစ်မည်နည်း။

ဆယ်နှစ်တိုင်တိုင် တစ်ခါမျှ အိမ်အကူများကို ဆူငေါက်ခြင်းမပြုခဲ့သည့် တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ကို ကေယာမသ်နေ့တွင် မည်ကဲ့သို့ မျက်နှာပြမည်နည်း။ ရှက်ဖွယ်ပင်ဖြစ်ပါသည်။ အားနည်းချို့တဲ့သော ကလေးများကို အကြမ်းဖက်ခြင်းသည် ရှက်ဖွယ်လုပ်ရပ်ပင်ဖြစ်သည်။

မုဖ်သီအလီက “ဘ၀ဆိုတာ တသမတ်တည်းရှိနေတာမဟုတ်ဘူး။ ဒီနေ့သူများသားသမီးကို မတရားနှိပ်စက်ပြီး မနက်ဖြန် ကျနော်တို့သားသမီးအလှည့်ရောက်မလာဖူးလို့ ဘယ်သူမှအာမ မခံနိုင်ဘူး” ဟု ၀ဋ်လည်တတ်သည့်သဘောကို သတိပေးထားသည်။

စာရေးသူ ငယ်ငယ်ကနေခဲ့သည့် လမ်းထဲ၌ အိမ်ဖော်ကောင်မလေးတစ်ဦး အိမ်နောက်ဖေးလမ်းကြားထဲသို့ ဆယ်လွှာတိုက်ပေါ်မှခုန်ချလိုက်သည်ကို ကြုံခဲ့ဖူးသည်။ နှိပ်စက်ညှင်းပန်းခြင်းကို မခံနိုင်သည့်အဆုံး ခုန်ချလိုက်ခြင်းဖြစ်သည်။ ယနေ့ခေတ်သည် ဖေ့စ်ဘုတ်ခေတ်ဖြစ်သည်။ သတင်းစီးဆင်းမှုမြန်ဆန်သည်။ တမဟုတ်ချင်းပျံ့နှံ့သွားနိုင်သည်။ ပွင့်လင်းမြင်သာသည့်ခေတ်ဖြစ်လာသည်နှင့်အမျှ ယခင်က ကဲ့သို့ လက်သိပ်ထိုးဖြေရှင်းလို့မရတော့ပါ။ တရားဥပဒေအတိုင်းသာရင်ဆိုင်ရပေလိမ့်မည်။ အိမ်ဖော်ကို ညှင်းပန်းနှိပ်စက်သည့် မွတ်စလင်မိသားစုများ ကြပ်ကြပ်သတိထားဖို့လိုသည်။

နိုင်ငံအနှံ့ဘာသာရေးအမုန်းတရားများ ရိုက်သွင်းနေကြပြီး ဖြန့်ဖြူးနေကြသည့် ယခုလိုအချိန်အခါမျိုးတွင် ညှင်းပန်းနှိပ်စက်သည့်အမှုများသည် ကျူးလွန်သူတရားခံကိုးကွယ်သည့်၊ အထူးသဖြင့် မွတ်စလင်များကိုးကွယ်သော အစ္စလာမ်ဘာသာတစ်ခုလုံးကို သိမ်းကြုံးစော်ကားခံရနိုင်သည်။ အင်းဝကိစ္စတွင်လည်း နမူနာရှိခဲ့ပြီးပြီဖြစ်သည်။

အဆုံးသတ်အနေဖြင့် မုဖ်သီအလီက အောက်ပါအတိုင်းတိုက်တွန်းခဲ့သည်။

“အိမ်ဖော်တွေကို မိမိတို့ရဲ့ အဖော်မွန်တွေလို သဘောထားပြီး ကောင်းမွန်စွာဆက်ဆံရင်း သာယာကြည်နူးဖွယ်ကောင်းပြီး မျှဝေခံစားတတ်တဲ့ လူ့ပတ်ဝန်းကျင်ကြီးတစ်ခုဖြစ်ပေါ်လာအောင် ကျနော်တို့ အားလုံးအနေနဲ့ ၀ိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ကြပါလို့ ကျနော်တို့တိုက်တွန်းလိုပါတယ်”

(M.အောင်မြတ်ဦး)

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1