သေနတ်ကိုင်ဆရာဝန်များ သို့မဟုတ် Free Burma Rangers

မေလထုတ် ဉာဏ်အလင်းအတွဲ(၁) အမှတ်(၆)
Cover Story ကဏ္ဍ

(စတီဗင်ရေးသည်)

“သေနတ်ကိုင်ဆရာဝန်များ” လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Free Burma Rangers (FBR) တပ်ဖွဲ့ဟာ စစ်ဒဏ်သင့်အီရတ်နိုင်ငံမှာ IS စစ်သွေးကြွအဖွဲ့ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ ကာဒ်တော်လှန်ရေးတပ်ဖွဲ့ Kurdish Peshmerga ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးလျက်ရှိပါတယ်။

IS တွေနဲ့တိုက်ခိုက်ရင်း ရှေ့တန်းမှာဒဏ်ရာရတဲ့ ကာဒ်ရဲဘော်တွေကို FBR က လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပေးနေတယ်လို့ Rudaw သတင်းဌာနရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

FBR လို့ အမည်တွင်တဲ့ ခရစ်ယာန်ကရင်ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူသားချင်းစာနာတဲ့အဖွဲ့ဟာ မြန်မာနိုင်ငံတောနက်တွေထဲမှာ အဓိကလှုပ်ရှားသွားလာပြီး အိုးအိမ်ပစ် ထွက်ပြေးရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လကနေ နိုဝင်ဘာအတွင်း စလို့ FBR အဖွဲ့သား ကော်သူးလေ ဆရာဝန်ရဲဘော်တွေဟာ အီရတ်ကို သုံးကြိမ်တိတိသွားရောက်ကူညီပေးခဲ့ပါတယ်။

သူတို့ရဲ့အကူအညီတွေကို ရှေ့တန်းမှာတိုက်ပွဲဝင်လျက်ရှိတဲ့ ကာဒ်စစ်သားတွေကို ၀မ်းသာအားရ လက်ခံခဲ့ကြပါတယ်။ ကာဒ်သူပုန်တွေနဲ့လက်တွဲဖို့ဆုံးဖြတ်ခဲ့တဲ့ မြန်မာပြည်အခြေစိုက် FBR အဖွဲ့ရဲ့ ရပ်တည်ချက်ဟာ အငြင်းပွားဖွယ်ရာတချို့တော့ ရှိနေတယ်လို့ Rudaw အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဂျိုးဆပ်ဆိုတဲ့ ကရင်ဆေးတပ်သားဟာ ၂၀၁၅ အောက်တိုဘာကတည်းက အီရတ်ကိုရောက်ရှိနေသူပါ။ IS တို့ သိမ်းပိုက်ထားတဲ့ ယာဇီဒီမျိုးနွယ်စုရဲ့မြို့ ဆင်ဂျား (Sinjar) ကို ပြန်လည်ရယူနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ ကာဒ်သူပုန်ရဲဘော်တွေကို ဂျိုးဆပ်က ကူညီနေပါတယ်။

မော်တာကျည်ဆန်မှန်ထားတဲ့ စစ်သားတစ်ယောက်ကို ဆေးကုပေးနေရင်း ဂျိုးဆပ်က “တောထဲမှာဆိုရင် အနားမှာ မော်တာကျည်ဆန်တွေလာကျရင်ပဲဖြစ်ဖြစ် ပြဿနာမရှိဘူး။ ဒါပေမဲ့ ဆင်ဂျား (ရှင်ဂလ် – Shingal ဟုလည်းခေါ်) မှာတော့ အတော်လေးကို ကွာခြားပါတယ်” လို့ပြောကြောင်း ကာဒ်သတင်းဌာန Rudaw မှာဖော်ပြထားပါတယ်။

FBR ကို မြန်မာရော ထိုင်းအစိုးရကပါ ထောက်ခံအားပေးခြင်းမရှိပါဘူး။ မြန်မာ့နယ်နိမိတ်အတွင်း သူတို့ရဲ့လုပ်ငန်းတွေကို လျှို့ဝှက်ပြီး ပုန်းလျှိုးကွယ်လျှိုးဆောင်ရွက်ရတာပါ။

ရဲဘော်တွေကို ရှေ့တန်းဆေးကုပညာနဲ့ ကင်းထောက်ပညာတို့ တတ်မြောက်အောင် FBR က လေ့ကျင့်သင်ကြားပေးထားပါတယ်။ လူသားခြင်းစာနာတဲ့ကယ်ဆယ်ရေးလုပ်ငန်းများအပြင် စစ်တပ်က ကျူးလွန်တဲ့ရာဇ၀တ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အထားစုဆောင်းနိုင်ဖို့အတွက်လည်း လေ့ကျင့်သင်ကြားပေးထားကြောင်း သိရပါတယ်။ ပြီးရင် အဲဒီအထောက်အထားအချက်အလက်တွေကို အစီရင်ခံစာပြုစုပြီး လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစိုးရနဲ့အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနဲ့ သတင်းအေဂျင်စီများကို ဖြန့်ဖြူးပေးပို့လေ့ရှိပါတယ်။

မြန်မာစစ်တပ် ထိုးစစ်ကြောင့် ရွာတွေပျက်စီး၊ ပြည်သူတွေသေကြေပြီး လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ၁၉၉၇ ခုနှစ်မှာFBR အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူတွေကို ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်ဖေးမကူညီရာမှာ ဘယ်သူကမှလာပြီးတားလို့မရစေရဘူးဆိုတဲ့ အိုင်ဒီယာကိုအခြေခံပြီး FBR ကို ဖွဲ့စည်းခဲ့တာပါ။

၁၉၉၇ ခုနှစ်ကစလို့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ အဖွဲ့ခွဲပေါင်း ၂၅၀ကို လေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ လားဟူ၊ မွန်၊ နာဂ၊ ပအိုးဝ်၊ ရှမ်းနဲ့ တအာင်းဒေသတွေမှာ အချိန်ပြည့်ကူညီပေးနေတဲ့ အဖွဲ့ခွဲပေါင်း ၇၁ဖွဲ့ရှိပါတယ်။ FBR အဖွဲ့ဟာ လူနာပေါင်း ၅၀၀,၀၀၀ ကျော်ကိုကုသပေးခဲ့ကာ လူပေါင်း ၁,၁၀၀,၀၀၀ ကျော်ကို ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်အစောပိုင်းမှာ မင်းသားကြီး စတားလုံးပါဝင်သရုပ်ဆောင်ထားတဲ့ Rambo 4 ရုပ်ရှင်ရဲ့ ဇာတ်လမ်းကို FBR ပြုစုထားတဲ့အစီရင်ခံစာတွေအပေါ် အခြေခံပြီး ရေးသားခဲ့ကြောင်းလည်း သိရှိရပါတယ်။

Ref: Ibtimes, freeburmarangers.org

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7