အရက်သမားကိုလည်း ကျိန်စာမတိုက်ပါနဲ့

ကဏ္ဍ – Article

(မျိုးအိနြေ္ဒပို)

ကျွန်မတို့ပေါင်းသင်းဆက်ဆံနေရတဲ့လူတွေဟာ ဘယ်လောက်ထိအောင် ဆိုးသွမ်းနေပါစေ၊ သူတို့ဆီမှာ ကောင်းခြင်းတရားတစ်ချို့ကတော့ ရှိစမြဲပါပဲ။ ဆိုးသွမ်းမှုတွေနဲ့နှိုင်းယှဉ်လိုက်ရင် အပြုအမူကောင်းတွေနည်းကောင်းနည်းနေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ အပြုအမူကောင်းတွေကို အသေအချာအလေးပေးမယ်ဆိုရင် အကောင်းဆုံးရလဒ်တွေကိုဖော်ဆောင်နိုင်မှာအသေအချာပါပဲ။

ရာဇဝတ်သားတစ်ကောင်ဟာ သူများအိမ်ကိုဖောက်ထွင်းခိုးယူပြီး ချို့တဲ့သူတွေနဲ့ မိဘမဲ့တွေကို စွန့်ကြဲပေးကမ်းတာလည်းဖြစ်ချင်ဖြစ်မှာပဲ။ ဒါမှမဟုတ် အဲဒီပိုက်ဆံတွေနဲ့ ဗလီဆောက်လှူကောင်းတောင် လှူနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ ငတ်မွတ်နေတဲ့ မိဘမဲ့ကလေးတွေကို မမြင်ရက်လို့ သူ့ကိုယ့်ကျင့်တရားနဲ့ အရှက်သိက္ခာကိုစတေးပြီး ငွေရှာကာ သူတို့ကိုကျွေးမွေးကောင်းကျွေးမွေးနိုင်တာပဲ။ တစ်စုံတစ်ယောက်ကိုသတ်ဖို့ ဓားဆွဲသွားသူဟာ လမ်းမှာ ကလေးသို့မဟုတ် အမျိုးသမီးတစ်ယောက်ယောက်ကို တွေ့ပြီး နှလုံးသားနူးညံ့သွားကာ ဓားကိုလွှတ်ချကောင်း လွှတ်ချလိုက်နိုင်တာပဲ။

ဆိုတော့ တစ်စုံတစ်ယောက်ရဲ့ ဆိုးသွမ်းမှုတွေကို မတွေးခင်အရင် သူတို့မှာ ဘာကောင်းခြင်းတရားတွေရှိလည်းဆိုတာကို စဉ်းစားပြီး အတတ်နိုင်ဆုံး အကောင်းဆုံးဆက်ဆံသင့်ပါတယ်။ ကျွန်မတို့ချစ်မြတ်နိုးရတဲ့ တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ဆိုရင်လည်း အမှားကျူးလွန်သူကို ခွင့်လွှတ်ပေးပြီး အပြစ်သားတွေအတွက် အကောင်းဆုံးတွေးပေးခဲ့တာပဲမဟုတ်လား။

အပြစ်သားတစ်ယောက်နားကဖြတ်သန်းသွားပြီဆိုရင်ကိုယ်တော်မြတ်ဟာ သူ့ရဲ့ဘာသာတရားကိုင်းရှိုင်းမှုအနေအထားကို အရင်ဆုံးလေ့လာတယ်။ ပြီးတော့မှသူ့ရဲ့အပြုအမူနဲ့ မနာခံမှုကို လေ့လာပါတယ်။ ဘယ်သူကိုမှ မကောင်းမြင်စိတ်နဲ့မကြည့်ပါဘူး။ လူတိုင်းကို ကိုယ့်သားကဲ့သို့ ကိုယ့်ညီအစ်ကိုကဲ့သို့ ဆက်ဆံပါတယ်။

ကိုယ်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်လက်ထက်က အရက်သမားတစ်ဦးရှိခဲ့တယ်။ တစ်ကြိမ်မှာ အဲဒီလူမူးနေချိန် ကိုယ်တော့်ဆီကို ခေါ်လာကြတယ်။ သူ့ကိုကြိမ်ဒဏ်ပေးခဲ့ကြတယ်။ နောက်တစ်ကြိမ်မှာလည်း အဲဒီလူအရက်သောက်တာမိပြီး ကြိမ်ဒဏ်ထပ်ပေးခံရတယ်။ နောက်ထပ်ရက်အနည်းငယ်အကြာမှာလည်း ထပ်မိပြန်ရော။ ဒါနဲ့ထပ်ပြီးကြိမ်ဒဏ်ပေးခံရပြန်တယ်။

အဲဒီတစ်ခေါက်မှာ အရက်သမားဟာကြိမ်ဒဏ်အပေးခံပြီးပြန်ဖို့ပြင်တဲ့အချိန် ဆွဟာဗာတစ်ပါးက “အသင့်အပေါ် အလ္လာဟ်အရှင်မြတ်ဘက်တော်မှကျိန်စာကျရောက်ပါစေ။ ဒီကို ဘယ်နှစ်ကြိမ်လောက်လာပြီး အရိုက်ခံဦးမှာလဲ” လို့ ပြောလိုက်ပါတယ်။

ကိုယ်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မျက်နှာတော်ချက်ချင်းပြောင်းသွားပြီး ဆွဟာဗာဘက်ကိုလှည့်ကာ အခုလိုပြောပါတယ်။ “သူ့ကို မကျိန်ဆဲလေနဲ့။ အလ္လာဟ်နာမည်တော်ကိုင်တွယ်ပြီးပြောမယ်။ ဒီလူဟာ အလ္လာဟ်နဲ့ အလ္လာဟ်ရစူလ်ကို ချစ်မြတ်နိုးတယ်” (အလ်-ဘူခါရီ၊ မွတ်စလင်)

လူတွေနဲ့ ဆက်ဆံတော့မယ်ဆိုရင် မျှတမှုရှိပါစေ။ လူတွေရဲ့ကောင်းခြင်းတရားတွေကို သတိရပါ။ ဆိုးသွမ်းမှုကြောင့် သူတို့မှာရှိတဲ့ ကောင်းခြင်းတရားတွေကို သင့်ဘက်က မေ့မပစ်ဘူးဆိုတာကို သူတို့သိပါစေ။ အဲဒီနည်းအားဖြင့် သူတို့ကို ပြုပြင်ပေးနိုင်ဖို့အတွက် နီးစပ်မှုရယူနိုင်မှာဖြစ်ပါတယ်။

ဆုံးမစကား – လူတစ်ယောက်မှာရှိတဲ့ အဆိပ်ပင်ကို အမြစ်စမနုတ်ခင်အရင် သူ့ဆီမှာရှိတဲ့ အကျိုးပြုအပင်လေးကို ရေအရင်လောင်းပါ။

Enjoy Your Life – Do not curse him because he drinks alcohol!

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6
pCloud – http://bit.ly/2xLG8J1