ရုပ်ရှင်ရိုက်ပြီး ဒအ်ဝဟ်လုပ်ဖို့ လိုသလား

ကဏ္ဍ – Dawah

(M.အောင်မြတ်ဦး)

ဘာသာခြားတွေကို အစ္စလာမ်ဘက်ကိုဖိတ်ခေါ်ခြင်း၊ အစ္စလာမ်သာသနာရဲ့အမိန့် ပညတ်ချက်တွေကိုရှင်းပြခြင်း၊ ဒအ်ဝဟ်ဖိတ်ခေါ်မှုပြုလုပ်ခြင်းတွေဟာ အင်မတန်လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။စနစ်တကျဖြစ်ဖို့ဘောင်အတွင်းကဖြစ်ဖို့လည်းလိုအပ်ပါတယ်။

ဒအ်ဝဟ်ရဲ့အကြီးအကျယ်ဆုံး ဥပဒေတစ်ခုကတော့ အရှေ့ကလူအစ္စလာမ်ကိုလက်ခံဖို့ အစ္စလာမ့်အမိန့်တွေကို သဘောပေါက်ဖို့အတွက် ကိုယ်က ဂုနာဟ်တစ်ခုကျူးလွန်ပြီး ဖိတ်ခေါ်ဖို့ အရေးမကြီးတဲ့အပြင် မလုပ်သင့်မလုပ်အပ်တဲ့အရာဖြစ်ပြီး အဲဒီလိုအချိန်မှာ ဒအ်ဝဟ်ရဲ့တာဝန်လည်း ကင်းလွတ်သွားပါတယ်။ ဒီဥပဒေကို ဒါအီလို့ခေါ်တဲ့ လူတွေကို ကောင်းတဲ့အရာတွေဘက် ဖိတ်ခေါ်နေသူအားလုံး သဘောပေါက်နားလည်ဖို့ အရေးကြီးပါတယ်။ ဥပမာ လူတစ်ယောက်ကို ဗလီဘက်ကို ဖိတ်ခေါ်တဲ့အခါ အဲဒီပုဂ္ဂိုလ်က “မင်း၊ ငါနဲ့တူတူ ရုပ်ရှင်လိုက်ကြည့်မှ ငါဗလီလာမယ်လို့ပြောလာတယ်ဆိုရင် သူဗလီလာဖို့အတွက် သူနဲ့တူတူ ကိုယ်က ရုပ်ရှင်လိုက်ကြည့်ပေးဖို့မလိုပါဘူး။ လူတစ်ယောက် အစ္စလာမ်ကို လက်ခံဖို့အတွက် ကိုယ်က သူနဲ့တူတူ ဂုနာဟ်တွေလိုက်လုပ်ပေးပြီး ဖိတ်ခေါ်ဖို့မလိုပါဘူး။ အဲဒီအချိန် ဒအ်ဝဟ်ရဲ့တာဝန်မရှိတော့ပါဘူး။

ဒီရက်ပိုင်းလူပြောများနေတဲ့ ဟဇရသ်အိုမရ်သခင်ကြီး (ရသွေ့)နဲ့ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကလည်း အဲဒီအမိန့်အတိုင်းသွားပါတယ်။ ကြည့်သင့်တယ်လို့ဆင်ခြေပေးနေတဲ့လူတွေက ဘာသာခြားတွေကို ဖိတ်ခေါ်ဖို့လို့အကြောင်းပြချက်ပေးကြပါတယ်။ အပေါ်မှာတင်ပြခဲ့သလို ဘာသာခြားတွေ ဟဇရသ်အိုမရ်ကို သိဖို့အတွက် ဂုနာဟ်အကုသိုလ်ကျူးလွန်ပြီး ဟဇရသ်အိုမရ်ကို စင်တင်ပေးဖို့ အရေးမကြီးပါဘူး။ ဒအ်ဝဟ်ရဲ့စစ်မှန်တဲ့နည်းလမ်းကို တမန်တော်နဲ့ ဆွဟာဗဟ်တွေဟာ လက်တွေ့ပြသခဲ့ပါတယ်။ အကောင်းဆုံးဖိတ်ခေါ်မှုဟာ ကိုယ်ကျင့်တရားဖြစ်ပါတယ်။ လူတွေဟာ လက်တွေ့မဆန်တဲ့ ပုံပြင်တွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေကို အပေါ်ယံသာစိတ်ဝင်စားကြပါတယ်။ လက်တွေ့ကိုယ်ကျင့်တရားကိုပဲ အဓိကစိတ်ဝင်စားတဲ့အတွက် ဟဇရသ်အိုမရ်ရဲ့ကိုယ်ကျင့်တရားကို မွေးမြူပြီး ဖိတ်ခေါ်ခြင်းသည် သာလျင် စစ်မှန်တဲ့ ဒအ်ဝဟ်ဖြစ်ပါလိမ့်မယ်။

တကယ်တော့ နဗီတွေအကြောင်း၊ ဆွဟာဗဟ်တွေအကြောင်း ရုပ်ရှင်ရိုက်ကူးတယ်ဆိုတာ ဉာဏ်ပညာခေါင်းပါးခြင်း၊ အစ္စလာမ့်စိတ်နေစိတ်ထားကို နားမလည်ခြင်းလို့ပဲ သတ်မှတ်ရမှာပါ။ အစ္စလာမ်သာသနာဟာ အကွယ်ကိုယုံကြည်ခြင်းဖြစ်တယ်လို့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ နေရာအနှံ့မှာ လာရှိထားပါတယ်။ အလ္လာဟ်အရှင်မြတ်ကိုမမြင်ဖူးဘဲ လက်ခံပါတယ်။ နဗီတွေကိုမမြင်ဖူးဘဲယုံကြည်ပါတယ်။ ဆွဟာဗဟ်တွေအကြောင်း ဖတ်ဖူးရုံနဲ့ယုံပါတယ်။ နှစ်ပေါင်း၁၄၀၀အတွင်း ဘယ်မွတ်စလင်ကမှ နဗီတွေနဲ့ဆွဟာဗဟ်တွေကို မြင်ဖူးမှလက်ခံမယ်လို့ ပြောဆိုခဲ့ခြင်းမရှိပါဘူး။ အကွယ်ကိုမမြင်ရတာကို လက်ခံခြင်းကိုက အစ္စလာမ်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဒီနဗီတွေနဲ့ဆွဟာဗဟ်တွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးက အကွယ်ကိုယုံကြည်ခြင်းကို တဖြေးဖြေးပျောက်ကွယ်အောင်လုပ်တာပါ။

ပထမဦးဆုံး ရုပ်ရှင်ကိုကြည့်ပြီးပြီဆိုရင် တမန်တော်မူစာအကြောင်း ကုရ်အာန်ထဲမှာဖတ်တဲ့အခါ ရုပ်ရှင်ထဲက မူစာနဗီနေရာသရုပ်ဆောင်ထားတဲ့ ကာဖိရ်မင်းသားရဲ့မျက်နှာ မျက်စိထဲ ပြန်လည်မြင်ယောင်လာပါလိမ့်မယ်။ ဟဇရသ်အိုမရ်လို့ ဖတ်လိုက်တာနဲ့ ဟဇရသ်အိုမရ်နေရာမှာ သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မျက်နှာ မျက်စိထဲပေါ်လာလိမ့်မယ်။ ကျနော်တို့နဗီဟာ တမန်တော်ယူစွဖ်ထက် ချောမောလှပသူပါ။ တမန်တော်နေရာသရုပ်ဆောင်ထားပြီး ကိုယ့်ကိုယ်ကိုယ် နဗီလို့ ခေတ္တခဏ ပြောဆိုနေသူနဲ့ဆီနဲ့၊ ရေပါ မိုးနဲ့မြေပါ။ နှလုံးသားထဲမှာ အီမာန်ရဲ့မခံချင်စိတ် နာကြည်းစိတ်ရှိသူဟာ ဘယ်တော့မှ ကိုယ့်နဗီနေရာနဲ့ ဆွဟာဗဟ်တွေနေရာမှာ ဘယ်သူကိုမှ အစားထိုးပြီးကြည့်တာကို လက်ခံလို့ ရမှာမဟုတ်ပါဘူး။ အထူးသဖြင့် သန့်ရှင်းမှု သွဟာရသ်ကိုနားမလည်သူတွေ၊ နှလုံးသားထဲအီမာန်မရှိသူတွေကို ဘယ်လိုမှ ဟဇရသ်အုမရ်နေရာမှာ ထားကြည့်လို့မရပါဘူး။

ကျနော် ဥပမာလေးနဲ့ရှင်းပြချင်ပါတယ်။ ကျနော့်အမေကွယ်လွန်ပြီးတဲ့အခါ ဒါရိုက်တာတစ်ယောက်က အမေ့အကြောင်းရုပ်ရှင်ရိုက်ကူးမယ်။ မင်းသမီးတစ်ယောက်ကို အမေ့နေရာသရုပ်ဆောင်ခိုင်းမယ်ဆိုကြပါစို့။ ကျနော့်အမေနေရာ သရုပ်ဆောင်နေတဲ့ မင်းသမီးကို ရုပ်ရှင်ထဲမှာ အခြားယောက်ျားလေးတွေက ကိုင်တွယ်မယ်၊ နမ်းမယ် ဆိုရင် ကျနော့်နှလုံးသားက လက်ခံနိုင်ပါ့မလား၊ အနည်းဆုံးတော့ မခံချင်စိတ် ရှက်စိတ်တော့ဖြစ်မှာမလွဲမသေပါ။ အမေထက်အဆပေါင်းများစွာပိုချစ်ရတဲ့ နဗီကို ရုပ်ရှင်ထဲ သရုပ်ဆောင်အဖြစ်ပြသပြီး ရှရီအသ်နဲ့ ဆန့်ကျင်ဘက်လုပ်ရပ်တွေကို လုပ်ခိုင်းတာကို ထိုင်ကြည့်နေတဲ့ မွတ်စ်လင်တစ်ယောက်ရဲ့ အီမာန်ဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိနေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူး။

ကိုယ်ကကြည့်ချင်တိုင်း တားမြစ်သူတွေကို ဆဲဆိုတာ၊ ပုတ်ခတ်တာ၊ စွပ်စွဲတာတွေမလုပ်အပ်ပါဘူး။ ကျွမ်းကျင်ရာလိမ္မာရာဖြစ်ပါတယ်။ သာသနာ့အမိန့်သိချင်ရင် သာသနာအကြောင်းနားလည်သူတွေကို ချဉ်းကပ်မေးမြန်းပြီး သူတို့ပြောတာတွေကို နားထောင်ကျင့်သုံးရပါမယ်။

ဟဇရသ်အိုမရ်ကိုအကြောင်းခံပြီး အမျိုးသမီးတွေရဲ့ပရ်ဒဟ်အမိန့်တော်ကျရောက်လာတာပါ။ ဟဇရသ်အိုမရ်ကို တကယ်ချစ်တယ်ဆို ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ပရ်ဒဟ်ဆင်မြန်းခိုင်းပါ။ သရာဝီရကအသ်နှစ်ဆယ်ကိုဂျမာအသ်နဲ့တကွဖတ်ဖို့နှိုးဆော်ခဲ့သူဟာ ဟဇရသ်အိုမရ်ဖြစ်ပါတယ်။ သမ္မတကြီးအိုမရ်ကိုတကယ်ချစ်တယ်ဆို သရာဝီရကအသ်နှစ်ဆယ် အပြည့်ဖတ်ပြီးချစ်ရမှာပါ။ ဟဇရသ်အိုမရ်ကိုတကယ်ချစ်တယ်ဆို အိုမရ်ဘယ်သူလဲ လေ့လာပါ ဟဒီးဆ်တော်တွေကိုဖတ်ပါ။ အိုမရ်ရဲ့မူဝါဒတွေကိုကျင့်သုံးပါ။ အိုမရ်ရဲ့ပြတ်သားမှုတွေကို အတုယူပါ။ အိုမရ်ရဲ့သာသနာ့ချစ်စိတ်ကို ကိုယ့်စိတ်ထဲဝင်ရောက်လာအောင်ကြိုးပမ်းပါ။ ဒါတွေကသာ တကယ်ချစ်ရမယ့်ပုံစံတွေဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2umlRbf