တောင်အာဖရိက ကျွမ်းကျင်မုဆိုး မိချောင်းစားခံရ

မိချောင်းနှစ်ကောင်၏ ၀မ်းအတွင်း လူသားအရိုးစုများတွေ့ခဲ့ရပြီးနောက် တောင်အာဖရိကမုဆိုးတစ်ဦး မိချောင်းစားခြင်းခံခဲ့ရနိုင်ကြောင်း သိရသည်။

စကော့ဗန်ဇိုင်ကို အမဲလိုက်ခွေးတစ်အုပ်နှင့်အတူတွေ့ရစဉ်

စကော့ဗန်ဇိုင်သည် ဇင်ဘာဘွေနိုင်ငံအတွင်း အမဲလိုက်ထွက်ခဲ့ပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ အမဲလိုက်ခွေးများနှင့် ဇင်ဘာဘွေလမ်းပြတစ်ဦးနှင့်အတူ ခရီးထွက်ခဲ့သည့် ပရော်ဖက်ရှင်နယ် အမဲလိုက်သမားသည် နိုင်ငံခြားသားအမဲလိုက်ဝါသနာရှင်များအတွက် ခရီးစဉ်များစီစဉ် ပေးသူဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ လင်ပိုပိုမြစ်ကမ်းဘေး၌ မိချောင်းများ၏ လက်ချက်မိသွားခဲ့ခြင်းဖြစ်သည်ဟု ထင်ကြေးနေကြသည်။
 
မစ္စတာ ဗန်ဇိုင်နှင့် ၎င်း၏လမ်းပြသည် ထရပ်ကားအတွင်းမှဆင်းကာ မတူညီသည့်လမ်းကြောင်းများသို့ ဦးတည်ကာ ခြုံပုတ်တောကြီးအတွင်း ၀င်ရောက်သွားခဲ့သည်။ မကြာမီအချိန်တွင် အမဲလိုက်ခွေးများပြန်ရောက်လာသော်လည်း မစ္စတာ ဗန်ဇိုင်မှာပါမလာခဲ့ပေ။ ၎င်းပိုင်ပစ္စည်းပစ္စယျများကို ကားအတွင်းတွေ့ရသည်။
 
မုဆိုးကိုရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များသည် ရဟတ်ယာဉ်များ၊ လမ်းပြများ၊ ကားဆရာများအသုံးပြုကာ နယ်မြေတစ်ခွင်လုံးကို ပြဲပြဲစင်အောင်ရှာဖွေခဲ့ကြသည်။ ထို့နောက်သူ၏ ခြေရာများကို မြစ်ကမ်းနဖူးဘက်သို့ ဦးတည်သွားနေကြောင်း တွေ့ခဲ့ရပြီးနောက် အနီးအနားတွင် သူပိုင်ကျောပိုးလွယ်အိတ်ကိုပါရှာဖွေတွေ့ခဲ့ကြသည်။
 
ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆက်ကီ လောဝရန်းက မစ္စတာဗန်ဇိုင်ကို နိုင်းမြစ်မိချောင်းမျိုးစိတ်များက စားသုံးပစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေကြောင်း ပြောကြားသည်။
 
“မိချောင်းနှစ်ကောင်ရဲ့ဝမ်းထဲမှာ လူသားအကြွင်းအကျန်တွေတွေ့ရတယ်” ဟု သူက ပြောသည်။ ယင်းအကြွင်းအကျန်များသည် ဗန်ဇိုင်ဟုတ်မဟုတ်ကိုမူ မှုခင်းဆေးပညာရှင်များ၏ စစ်ဆေးချက် ရလဒ်အဖြေကိုစောာင့်ဆိုင်းရဦးမည်ဖြစ်သည်။
 
မစ္စတာဗန်ဇိုင်ပိုင်ဆိုင်သည့် SS Pro Safaris အမဲလိုက် website တွင် ၎င်း၏ကုမ္ပဧီသည် အာဖရိကတောင်ပိုင်းတစ်ခွင်တွင် အမဲလိုက်ခရီးစဉ်အများအပြားကို စီစဉ်ပေးကြောင်း၊ အမဲလိုက်ရာတွင် ဘော့စ်ဝါနာနိုင်ငံမှ ဆင်များကစ၍ KwaZulu Natal ဒေသရှိ အပြာရောင် duiker အမျိုးအစား သမင်လေးများအထိ အမဲလိုက်နိုင်ရန်စီစဉ်ပေးကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကျွဲ၊ ကြံ့၊ ခြင်္သေ့၊ ကျားသစ်နှင့် တောဆိတ်များကိုလည်း အမဲလိုက်နိုင်ကြောင်း ဖော်ပြထားသည်။
 
ဇင်ဘာဘွေနိုင်ငံတောင်ပိုင်းတွင် မိချောင်းစာမိရင်သေဆုံးခဲ့ရသူ အမြောက်အမြားရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်အတွင်းကလည်း ငါးရောင်း၍ ကျောင်းလခပေးရန်မြစ်အတွင်း ငါးမျှားခဲ့သည့် ၁၃နှစ်အရွယ် ကျောင်းသားလေးတစ်ဦး မိချောင်းလက်ချက်မိခဲ့သေးသည်။
 
Ref: Independent
ဉာဏ်အလင်း
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1