တီယန်မင် အရေးအခင်း (၂၈) နှစ် ပြည့်ပြီ

လွန်ခဲ့တဲ့ (၂၈) နှစ်တာကာလ ဇွန်လ (၄) ရက် အရေးတော်ပုံ သို့မဟုတ် (၈၉) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးလို့ တရုတ်နိုင်ငံနဲ့ ကမ္ဘာမှာ လူသိများတဲ့ တီယန်မင်အရေးအခင်းကြီးဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့မှာ တရုတ်စစ်သားတွေက ပေကျင်းမြို့မှာ တီယန်မင်ရင်ပြင်မှာ ရက်သတ္တပေါင်းများစွာကြာအောင် ယာယီသပိတ်စခန်းဖွင့်ပြီး ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြလူအုပ်ကြီးကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
 
တီယန်မင်အရေးအခင်းမှာ သေဆုံးခဲ့သူအရေအတွက် အတိအကျကို ဒီနေ့အချိန်ထိ မသိရသေးပါဘူး။ တချို့တွေကတော့ ထောင်ချီသေဆုံးခဲ့ကြောင်း တွက်ချက်ကြပါတယ်။ တရုတ်အစိုးရက ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုကို အမြစ်ဖျက်လိုက်တာပါ။ ဆယ်စုနှစ်တစ်စုရဲ့ လေးပုံတစ်ပုံကျော် ကြာလာချိန်မှာတော့ တရုတ်အစိုးရက တီယန်မင်အရေးအခင်းကို သမိုင်းဖျောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာသူကမ္ဘာသားတွေရဲ့ မျက်လုံးထဲက လုံးဝမထွက်တာကတော့ တရုတ်သံချပ်ကာကား (တင့်ကား) အရှေ့မှာ မကြောက်မရွံမတုန်မလှုပ်ရပ်နေတဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ ပုံရိပ်ပါ။
 
တီယန်မင်အရေးအခင်း (၂၅) နှစ်ပြည့်တုန်းက တိုင်းမ်မဂ္ဂဇင်းမှာ Massacre in Beijing (ပေကျင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး) ဆိုတဲ့ခေါင်းစဉ်နဲ့ တီယန်မင်အရေးအခင်းထဲက အရေးကြီးအချက်အလက်တွေကို ဆွဲထုတ်ပြီး ကာဗာစတိုရီတစ်ပုဒ် တင်ဆက်ခဲ့ပါတယ်။
 
နှစ်ကြာလာတဲ့အမျှ မှေးမှိန်စပြုလာတဲ့အချက်တွေကို တိုင်းမ်မဂ္ဂဇင်းက အောက်ပါအတိုင်းဖော်ပြခဲ့ပါတယ်။
 
တီယန်မင်ရင်ပြင်ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်သူ တစ်သန်းခန့်ထိ များလာခဲ့ပါတယ်။ သူတို့တွေအားလုံးဟာ တရုတ်နိုင်ငံ ဒီမိုကရေစီရရှိရေးတစ်ခုထဲအတွက် ဆန္ဒပြကြတာမဟုတ်ပါဘူး။ တီယန်မင်ဆန္ဒပွဲဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးမြို့ ရှန်ဟိုင်းအပါအ၀င် တခြားသောမြို့ပေါင်း ရာကျော်ကို ကူးစက်ပြန့်နှံ့ခဲ့ပါတယ်။ ပေကျင်းမှာ စစ်တပ်က ၀င်ရောက်ဖြိုခွင်း တယ်ဆိုတဲ့ သတင်းလည်းကြားရော ရှန်ဟိုင်းက ဆန္ဒပြသူတွေဟာ စစ်တပ်ဝင်မရအောင် လမ်းပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပါတယ်။
 
ဒါ့အပြင် အဲဒီအချိန်က တီယန်မင်ရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ပြည့်နှက်ခဲ့တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ တီယန်မင်ရင်ပြင်ဟာ အများပြည်သူ ဆန္ဒပြတဲ့နေရာလည်းဖြစ်ပါတယ်။ အရေးအခင်းမတိုင်ခင် ဆယ်စုနှစ် တစ်စုကျော် ကာလတုန်းကလည်း ရင်ပြင်က ဆန္ဒပြသူတွေကို အခုလောက်မကြီးကျယ်တဲ့ ဖြိုခွင်းမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ဖြိုခွင်းမှုကို ပြည်သူတွေဒေါသူပုန်ထခဲ့ကြပြီး နိုင်ငံခေါင်းဆောင်တစ်ယောက်အပြောင်းအလဲ လုပ်ပေးရတဲ့အထိ သက်ရောက်မှုရှိခဲ့ပါတယ်။
 
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ၂၇ နှစ် ကြာတဲ့ထိ တရုတ်အစိုးရ ကန့်သတ်ပိတ်ပင်နေဆဲပါ။ အွန်လိုင်းမှာ ဆင်ဆာပေါင်း နှစ်သန်းကျော် ဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအရေးအခင်းနဲ့ ပတ်သက်တဲ့အချက်အလက်မှန်သမျှကို အညှိုးတကြီး လိုက်လံပိတ်ပင်နေတုန်းပါ။ တရုတ်အစိုးရက ဘယ်လောက်ထိလဲ ဆိုရင် အွန်လိုင်းမှာ “Tiananmen Square” လို့ရှာလို့မရအောင် ပိတ်ပင်ထားရုံသာမှက တီယန်မင်နဲ့ ဆက်စပ်ပတ်သက်တဲ့ စာကြောင်းတွေ၊ စာပိုဒ်တွေကိုပါ ပိတ်ထားပါတယ်။ ဒါ့အပြင် အရေးအခင်းဖြစ်ခဲ့တဲ့နေ့စွဲ 6.4.1989 လို့ရိုက်ရှာရင်လည်း မပေါ်အောင် လုပ်ထားပါတယ်။ ဒီလိုပုံစံမျိုးနဲ့ တရုတ်ပြည်သူတွေ တီယန်မင်အရေးအခင်းနဲ့ ပတ်သက်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်အောင် သမိုင်းဖျောက်ထားခဲ့ပါတယ်။
 
ဇွန်လ (၄) ရက် မနက်စောစောအချိန်မှာ စစ်ကားအစီး ၅၀ နဲ့ စစ်သား ၁၀,၀၀၀ ကျော်ဟာ ပေကျင်းလမ်းတွေကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ ပြည်သူတွေကို ၀င်လုံးပြီး လူအုပ်ထဲကို စတင်ပစ်ခတ်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်ကလည်း လက်လုပ်မီးဗုံး မိုလိုတော့ကော့တေးတွေ၊ ကျောက်တုံးတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ကြတယ်။ အကြမ်းဖက်ဖြိုခွင်းတဲ့ဒဏ်ကို မခံနိုင်တဲ့အဆုံး ဆန္ဒပြလူအုပ်ကြီးဟာ အရပ်သားတစ်ယောက်ကိုလိုက်ရှာနေတဲ့ စစ်သားနှစ်ယောက်ကို ရိုက်သတ်ပစ်လိုက်ပါတယ်။ ဒါ့အပြင် စစ်သား ရှစ်ယောက် သို့မဟုတ် ကိုးယောက်ပါတဲ စစ်ကားတစ်စီးကိုလည်း မီးတင်ရှို့ခဲ့ကြတယ်။ အဲဒီတစ်မနက်လုံး စစ်သားတွေက ပြည်သူတွေကို လိုက်လံသတ်ဖြတ်ခဲ့ကြပါတယ်။
 
အဲဒီအချိန်က ဆရာဝန်တစ်ယောက်က တစ်မနက်ထဲတင် အနည်းဆုံး လူ ၅၀၀ သေကြောင်း၊ ရေဒီယိုအစီအစဉ် ကြေညာသူတစ်ဦးက ၁၀၀၀ သေကြောင်း ကြေညာခဲ့ကြပါတယ်။ တရုတ်ပြည်သူတွေရဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအိပ်မက်ကြီးဟာ ထိတ်လန့်ကြောက်ရွံဖွယ်ရာ အိပ်မက်ဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။
 
အရေးအခင်းအပြီး ရက်အနည်းငယ်အကြာမှာ ဆန္ဒပြသူတွေဟာ “ဒီမိုကရေစီ နတ်သမီး” လို့ အမည်ပေးထားတဲ့ ရုပ်တုတစ်ခုကို ရင်ပြင်မှာ ထူခဲ့ကြတယ်။ အဲဒီရုပ်တုဟာ အမေရိကန်ပြည်ထောင်စုက လေဘာတီရုပ်တုနဲ့ တူတယ်လို့ ဆိုပါတယ်။ ပလက်စတစ်ဖော့ရယ်၊ ပလာစတာရယ်နဲ့ ရောက်လုပ်ထားတဲ့ အဲဒီရုပ်တုဟာ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေကို အရှက်ရစေဖို့နဲ့ ဖယ်ရှားဖို့ ခက်ခဲစေရန်ရည်ရွယ်ပြီး “ဒီမိုကရေစီနတ်သမီး” ရုပ်တုကို အတော်ကြီးကြီး လုပ်ခဲ့ပါတယ်။ နောက်ဆုံးတော့ တရုတ်စစ်တပ် တင့်ကားတွေ ဖြိုချခံလိုက်ရပါတယ်။
 
ကမ္ဘာကျော်ဓာတ်ပုံဖြစ်လာတဲ့ တန်းစီးမောင်းလာတဲ့ တင့်ကားတန်းကြီးအရှေ့မှာ မကြောက်မရွံ၊ မတုန်မလှုပ်ဘဲ ရှေ့ဆက်တိုးလို့မရအောင် သတ္တိရှိရှိရပ်နေသူဟာ ဘယ်သူလဲဆိုတာကတော့ အခုအချိန်ထိအောင် ပဟေဠိအဖြစ် ကျန်ရှိနေဆဲပါ။ အဲဒီလူကို ဘ၀တူ ဆန္ဒပြသမားတွေက ၀င်ကယ်လို့ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီလူကိုယ်တိုင်လည်း လူအုပ်ကြားထဲမှာ ပျောက်ကွယ်သွားပါတယ်။ သူဘယ်သူဆိုတာနဲ့ပတ်သက်ပြီး ကောလဟလတွေသာ ထွက်ခဲ့ပေမယ့် ဘယ်သူမှ တိတိကျကျမသိကြပါဘူး။ အရေးအခင်းဖြစ်ပြီး တစ်နှစ်အကြာမှာ တရုတ်ခေါင်းဆောင် ကျန်ဇီမင်းကို မေးမြန်းရာမှာလည်း “သူမသေခဲ့ပါဘူး” လို့သာ ဖြေခဲ့ပါတယ်။
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7