သားလှရတနာ သမီးလှရတာတွေ ဖြစ်စေဖို့

ကဏ္ဍ – Education
 
ကလေးတွေက အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်လှတဲ့ချီးမြှင့်မှုဆိုတာ ဘယ်သူမှငြင်းမရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်က မျက်လုံးကိုအေးမြစေတဲ့အရာလို့ဆိုထားတယ်။ (အလ်ဖုရ်ကားန် – ၇၄)။ အလ္လာဟ်အရှင်မြတ်က မြင့်မြတ်လှတဲ့ နဗီနှစ်ပါးဖြစ်တဲ့ ဟဇရသ် အိဗ်ရာဟီးမ်သခင်နှင့် ဟဇရသ်ဇကရိယာသခင်တို့က သားဆုပန်ခဲ့တာကို အရှင်မြတ်ကတောင်းဆုပြည့်စေခဲ့ကြောင်းကိုလည်း (အက်ဆွာဖားသ် – ၁၀၀) နဲ့ (မရ်ယမ် – ၅) တို့မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သားသမီးလိုချင်မှုဟာ သဘာဝကျပြီး ပြုပိုင်ကြောင်းထင်ရှားပါတယ်။ အလ္လာဟ်အရှင်မြတ်ကပဲ သားသမီးတွေကိုလူသားအတွက် မျက်စိအလင်းရောင်နဲ့ နှလုံးသားအေးမြစရာအဖြစ်ပြုလုပ်ထားပါတယ်။ သားသမီးမရှိဘဲ စိတ်ပျော်ရွှင်စရာ ဆွဲဆောင်စရာလူ့ပတ်ဝန်းကျင်ဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။
 
အစ္စလာမ်က လူတန်းစားအလွှာအသီးသီးကိုပေးဆပ်ရမယ့် တာဝန်ဝတ္တရားတွေသတ်မှတ်ထားသလို ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီးလည်း သူတို့ရဲ့ အုပ်ထိန်းသူတွေလိုက်နာဖို့ ညွှန်ကြားထားပါတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ညွှန်ကြားမှုက လောကကြီးက သူတို့ရောက်လာတာကို ၀မ်းသာရမယ်။ ပျော်ရွှင်ရမယ်။ ၀မ်းမနည်းရဘူးလို့ ဆိုထားတယ်။ အလ္လာဟ်အရှင်မြတ်က တမန်တော်အိဗ်ရာဟီးမ်ကို သားတော် အိစ်ဟားက် (ဟူးဒ် – ၆၉-၇၁)၊ တမန်တော်ဇကရိယာကို သားသေတ်ာယဟ်ယာ (အာလိအိမ်ရားန် – ၂၉) ချီးမြှင့်မယ်လို့ အသိပေးထားတာကို “သတင်းကောင်း” လို့ သုံးထားတယ်။ သားသမီးရရှိခြင်းက ၀မ်းသာစရာပါ။ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ခွဲခြားမထားဘူး။ အစ္စလာမ်မတိုင်မီက သမီးမွေးတာကို ၀မ်းနည်းစရာ၊ ရှက်စရာလို့ ထင်ကြတယ်။ ဒါကို ကုရ်အာန်ကျမ်းမြတ်က ကာဖိရ်တွေရဲ့လုပ်ရပ်လို့ဆိုပြီး ရှုတ်ချထားတယ် (အဇ်ဇုခ်ရုဖ် – ၁၇)။ ကိုယ့်အတွက်သားက အကျိုးရှိမလား၊ သမီးက အသုံးဝင်မလား၊ ဒုက္ခရောက်ချိန် ဘယ်သူက ဖေးမ မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။
 
ကလေးသူငယ်များရဲ့ ပထမဆုံးအခွင့်အရေးက အသက်ရှင်သန်မှုဖြစ်ပါတယ်။ အစ္စလာမ်ကပေးထားတဲ့အခွင့်အရေးလို ကမ္ဘာပေါ်မှာ ဘယ်မှာမှမရှိဘူးလို့ ပြောလို့ရတယ်။ အများအားဖြင့် ကလေးရဲ့တရားဝင်အခွင့်အရေးက သူလောကကြီးကို စပြီးရောက်လာတဲ့အချိန်လို့သတ်မှတ်ကြတယ်။ အစ္စလာမ်က ကလေးကို လူ့ဘ၀ထဲမရောက်လာခင် မိခင်ဝမ်းကြာထဲမှာ သန္ဓေတည်တဲ့နေ့ကစပြီး လေးစားထိုက်ပြီးထိန်းသိမ်းစောင့်ရှောက်ခံလူသားဖြစ်ပြီလို့ ဆိုထားတယ်။ ဒါကြောင့်လည်း အစ္စလာမ်အမြင်မှာ ကိုယ်ဝန်ဖျက်ချခြင်းက မပြုပိုင်ဘူး။ ကလေးမွေးဖွားလာပြီးနောက် အဲဒီကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့က မိဘ၊ အုပ်ထိန်းသူသာမက လူသားထုတစ်ရပ်လုံးရဲ့တာဝန်ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကိုအခြေခံပြီး အစ္စလာမ်က မိခင်ပေါ်မှာ ကလေးကို နို့တိုက်ရန်တာဝန်ဖြစ်တယ်လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ တစ်ကြိမ်ထက်မနည်းဆိုထားတယ်။ ကလေးအတွက် မိခင်ရဲ့နို့ထက်သာပိုအကျိုးဖြစ်ထွန်းစေတဲ့ အာဟာရမရှိဘူးဆိုတာ ဆေးပညာကပါ အတည်ပြုထားပြီးသားပါ။ ဒါ့အပြင် ကလေးကိုယ်တိုင်ရှာဖွေစားသောက်နိုင်တဲ့ အရွယ်မရောက်မချင်း ကလေးရဲ့ကိစ္စအ၀၀ကို တာဝန်ယူရမှာက မိဘဖြစ်တယ်။ မိဘမရှိရင် အနီးစပ်ဆုံးသားချင်းတွေရဲ့တာဝန်ပါ။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ကလေးကို အလုပ်ခိုင်းပြီး မိဘက တာဝန်ပျက်ကွက်တာမျိုး လုံးဝလုပ်လို့မရဘူး (ရှာမီကျမ်း တွဲ – ၅၊ စာ – ၃၃၇)။
 
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မိဘအုပ်ထိန်းသူတွေကို ကလေးနဲ့ပတ်သက်လာလျှင် ဦးစားပေးအနစ်နာခံဖို့လည်း လမ်းညွှန်ထားသေးတယ်။ ဟဇရသ် အဗူဟုရိုင်ရဟ်သခင် ဆင့်ပြန်တဲ့ ကန်ဇုလ်အုမ္မာလ်ကျမ်းရဲ့ ဟဒီးဆ်တော်တစ်ပုဒ်မှာ တမန်တော်မြတ်က ဒီလိုမိန့်ထားပါတယ်။ “အလ္လာဟ်အရှင်မြတ်က ဂျန္နသ်ကို ငါတမန်တော်မြတ်ထက်အရင် ဘယ်သူမှမ၀င်ရဘူး၊ ဟရာမ်လို့သတ်မှတ်ထားတယ်။ ဒါပေမဲ့ ကိယာမသ်နေ့မှာ ငါတမန်တော်ရဲ့ ညာဖက်က အမျိုးသမီးတစ်ဦး ဂျန္နသ်တံခါးဝဆီကိုပြေးလာတာမြင်မယ်။ အဲဒီအခါငါက သူဘာလို့ ငါ့ထက်အရင် ဂျန္နသ်ဝင်ဖို့ ကြိုးစားနေတာလဲလို့မေးတဲ့အခါင့ါကိုပြောပြမှာက ဒီအမျိုးသမီးက အလွန်ချောမောလှပသူဖြစ်တယ်။ ဖတဆိုးကလေးတွေကြောင့် မိမိချောမောမှုကို ဂရုမစိုက် အနစ်နာခံကာ နောက်အိမ်ထောင်မပြုဘဲ ကလေးတွေပြုစုမှုကိုလည်း အာရုံထားခဲ့တယ်။ ကလေးတွေလူလားမြောက်အရွယ်ရောက်သည် အထိပဲ။ အလ္လာဟ်အရှင်မြတ်က ဒီလုပ်ရပ်ကို အလွန်တန်ဖိုးထားတာကို အသင်တွေ့နေရတာပဲ” တဲ့။
 
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်အများဆုံးလေးလေးနက်နက်တိုက်တွန်းခဲ့တဲ့ ကိစ္စဟာ ကလေးတွေရဲ့ပညာရေးနဲ့ စာရိတ္တအတွက်ဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်က အဓမ္မပညာရေးစနစ်ကိုလက်ခံတယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တမန်တော်မြတ်က မွတ်စလင်တိုင်းအတွက် ပညာသင်ယူခြင်းက ဖရ်ဇ်မပြုမနေရတာဝန်လို့ မိန့်ထားတယ်။ (အိဗ်နုမာဂျဟ်ကျမ်း)
ဖရ်ဇ်တာဝန်အတွက်လိုအပ်လာရင် အဓမ္မနည်းလမ်းသုံးလို့ရတယ်။ အိမာမ်ဗုခါရီက ဗုခါရီကျမ်းမှာ ၅ နှစ်အရွယ်မှာ ပညာစပြီးသင်ရမယ့်အကြောင်း ဟဒီးဆ်အကိုးအကားနဲ့တင်ပြထားတယ်။
 
“ပညာ” လို့ဆိုရာမှာ လောကီဘ၀ကောင်းပြီး အာခိရသ်လောကုတ္တရာမှာလည်း ကောင်းစားမယ့် အခြေခံသာသနာ့ပညာပါဝင်သလို ကိုယ့်ဘ၀ရပ်တည်ဖို့၊ စားဝတ်နေရေးကိုဖြေရှင်းနိုင်မယ့် သိက္ခာရှိရှိ လူပုံအလယ်မှာနေနိုင်ဖို့၊ လိုအပ်တဲ့ စီးပွားရေးရှာနိုင်ဖို့ လောကီပညာလည်းလိုအပ်ပါတယ်။ ဒါတွေကို ခြုံငုံပြီး ကျမ်းတော်မြတ်ကုရ်အာန်က အလွန်ပြည့်စုံတဲ့အသုံးအနှုန်းကို သုံးထားတာတွေ့ရပါတယ်။ မိမိကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကိုပါ ဂျဟန္နမ်ငရဲမီးက ကယ်တင်ကြပါ (အသ်သဟ်ရီးမ် – ၆)။ ကလေးတွေကို ဂျဟန္နမ်က ကယ်ဖို့ သာသနာ့ပညာကတော့ အရေးကြီးတာမှန်ပါတယ်။ စီးပွားရှာနိုင်ဖို့ လောကီပညာကိုလည်းလိုအပ်ပါတယ်။ ဒါမှမိမိလိုအပ်ချက်ကိုပိုင်တဲ့ နည်းလမ်းနဲ့ရှာနိုင်မှာဖြစ်တယ်။ လူပုံအလယ်မှာ သိက္ခာကျမယ့် နည်းနဲ့စီးပွားမရှာနိုင်အောင် လောကီပညာလည်းလိုအပ်ပါတယ်။
 
ကလေးတွေကို ပညာနဲ့အတူပြုစုပျိုးထောင်ဖို့လည်း အရေးကြီးပါတယ်။ လိမ္မာရေးခြားရှိလာမှ လူပီသမှာဖြစ်တယ်။ တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က မိန့်ထားတယ်။ ကလေးတွေကို လိမ္မာလာအောင်နဲ့ ကောင်းတဲ့စာရိတ္တရှင်တွေဖြစ်လာအောင် သင်ကြားပေးတာထက် သာပိုကောင်းမွန်တဲ့ ချီးမြှင့်မှုမရှိဘူး” (သိရ်မီဇီကျမ်း)။ နောက်ဟဒီးဆ်တော်တစ်ပုဒ်မှာကလေးတွေကို ယဉ်ကျေးလိမ္မာအောင် သင်ကြားပေးကြပါလို့ဆိုထားတယ် (အိဗ်နုမာဂျဟ်ကျမ်း)။ တမန်တော်မြတ်က လူ့စိတ်ကိုလည်း ကျွမ်းကျင်တဲ့ခေါင်းဆောင်ကြီးဖြစ်ပြီး လူ့ဘ၀မှာ လိုအပ်မယ့် ကိစ္စအ၀၀ကို ကြီးသည်ငယ်သည်မဟူ လမ်းညွှန်ထားတာတွေ့ရမှာပါ။ တစ်နေရာမှာ ကလေးတွေရဲ့ ၀တ္တရား မိဘတွေအပေါ်ဘာတွေရှိသလဲဆိုတာ ပြည့်ပြည့်စုံစုံအခုလိုအမိန့်ရှိထားတာတွေ့ရတယ်။
 
ခုနှစ်ရက်မြောက်ရင် အကီကဟ်လုပ်ပါ။ နာမည်ကင်ပွန်းတပ်ပါ။ ရေချိုးပေးပါ။ (၁၃) နှစ်မြောက်လာလျှင် ဆွလာသ်၊ ဆွိယာမ်အတွက်ပြစ်ဒဏ်ပေးပါ။ (၁၆) နှစ်ပြည့်ရင် ထိမ်းမြားပေးပါ။ ပြီးရင်သူ့လက်ကိုင်ပြီးပြောပါ။ ငါကမင်းကို ကိုယ်ကျင့်တရားကောင်းဖို့သင်ပေးခဲ့တယ်။ ပညာသင်ပေးခဲ့တယ်။ နိကာဟ်ထိမ်းမြားပေးတယ်။ အခုအလ္လာဟ်ထံမှာ ငါခိုလှုံမှုယူပါတယ်။ မင်းလောကမှာ င့ါအတွက် ဖိသ်နဟ်စမ်းသပ်ခံမဖြစ်စေဖို့နဲ့ အာခိရသ်မှာ အဇားဗ်ရဲ့အကြောင်းခံမဖြစ်ဖို့ပဲ (မုစ်နဒ်အဟ်မဒ်ကျမ်း)။
 
ကလေးတွေရဲ့ပညာရေး၊ ပြုစုပျိုးထောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းတွေကို သုံးသင့်လဲဆိုတာကို တမန်တော်မြတ်က မိမိရဲ့မိန့်ဆိုချက်တွေနဲ့အတူ လက်တွေ့ကျင့်သုံးပြသသွားတာတွေလည်းတွေ့ရပါတယ်။ အခြေခံအားဖြင့် ကလေးတွေရဲ့အနေအထား၊ စိတ်နေသဘောထား၊ အခြေအနေနဲ့အချိန်အခါအားဖြင့် တစ်ခါတစ်လေ နူးနူးညံ့ညံ့၊ တစ်ခါတစ်လေပြင်းသင့်လျှင်ပြင်းရပါတယ်။ မလိုအပ်ဘဲ ကြမ်းတမ်းမှုနဲ့ အမြဲတမ်းပြင်းထန်မှုက အကျိုးဖြစ်ထွန်းမှုနည်းစေပြီး ဆုံးရှုံးနစ်နာမှုများစေပါတယ်။ ကလေးတွေအတွက် ကြင်နာမှုက အဓိကကျပါတယ်။ ဟဇရသ်အနတ်စ်က မိန့်တယ်။ ကလေးတွေနဲ့ပတ်သက်ပြီး တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ထက်ပိုပြီး ကြင်နာတတ်သူကို ကျနော်မတွေ့ဖူးပါ (မွတ်စ်လင်မ်ကျမ်း)။
 
တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ် ဟဇရသ် ဟုစိုင်းန် (ရသွေ့) ကို နမ်းရှုံ့နေတာကိုမြင်တော့ ဟဇရသ် အက်ရဟ်ဗင်န်ဟာဘိစ် (ရသွေ့) သခင်က ကျနော့်မှာ သား ၁၀ ယောက်ရှိပါတယ်။ တစ်ခါမှ ကျနော်မနမ်းဖူးပါဘူးလို့ဆိုတယ်။ တမန်တော်မြတ်က ကြင်နာမှုမရှိသူက ကြင်နာသနားမှုလည်း မခံရဘူးလို့ မိန့်တယ်။ တမန်တော်မြတ်ရဲ့ ဒီကြင်နာသနားချစ်ခင်မှုက ကိုယ့်သားသမီးမှမဟုတ်၊ တခြားကလေးတွေကိုလည်း ဒီအတိုင်းပါပဲ။ ကလေးတွေနဲ့ရောရောနှောနှောလည်းနေပါတယ်။ တမန်တော်မြတ် ခရီးသွားတဲ့အချိန်နဲ့ ခရီးက ပြန်လာချိန်မှာ မဒီနာဟ်က ကလေးတစ်အုပ်က မြို့ပြင်အထိ ပို့ဖို့ ကြိုဖို့သွားကြတယ်။ အဲဒီအခါ တမန်တော်မြတ်က ကလေးတွေကို မိမိအစီးအနင်းရှေ့နောက်မှာ တင်တော်မူလေ့ရှိတယ်။ ကလေးတွေကို အမြဲဂရုမစိုက်တာမျိုး၊ စိတ်ဓာတ်ကျအောင် လုပ်တာမျိုးတွေက မကောင်းပါဘူး။
 
လိုအပ်တာထက်ပိုပြီး ကြမ်းတာက ကလေးတွေအတွက် နစ်နာနိုင်သလို လိုအပ်တဲ့အခါမှာ ဆူပူကြိမ်းမောင်းမှုမရှိဘဲ နှုတ်ဆိတ်နေခြင်းကလည်း လုံးဝမလုပ်သင့်တဲ့ကိစ္စပါ။ ဒါမျိုးဆိုရင် ကလေးတွေမလိမ္မာနိုင်ဘူး။ ရိုင်းပျလာလိမ့်မယ်။ တချို့ကလေးတွေမှာ ကိုယ်လုပ်ချင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ဖြစ်သွားမယ်။ ဒီလိုမျိုးက ကလေးတွေရဲ့ အနာဂတ်ကို အလွန်ထိခိုက်နစ်နာနိုင်တယ်။ ဒါကြောင့် တမန်တော်မြတ်က လိုအပ်တဲ့အခါ ကလေးတွေကို ဆုံးမဖို့အမိန့်ပေးထားတယ်။ တမန်တော်မြတ်က (၁၀)နှစ်အရွယ်ရောက်နေတဲ့ ကလေးက ဆွလားသ်မှာ ပျင်းရိတယ်ဆိုရင် လိုအပ်သလို အနည်းငယ်ရိုက်နှက်ဆုံးမလို့ရကြောင်း မိန့်ဆိုထားတယ် (သိရ်မီဇီကျမ်း – ၉၃)။ အစ္စလာမ် ဓမ္မသတ်ပညာရှင်များကလည်း မိဘနဲ့ဆရာသမားများကို စည်းကမ်းဘောင်သတ်မှတ်ပြီး အဲဒီဘောင်ကို မကျော်စေဘဲ ရိုက်နှက်ခွင့်ရှိကြောင်းဆိုထားတယ်။
ကလေးတွေအတွက် ဒုအာတောင်းပေးခြင်းကလည်း သူတို့ရဲ့အခွင့်အရေးဖြစ်ပါတယ်။ ကိုယ့်ကလေးကော၊ တခြားကလေးတွေအတွက်လည်း ဆုတောင်းပေးရမယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ တချို့နဗီများရဲ့ ဒုအာအကြောင်းပါတယ်။ မိမိသားသမီးများလိမ္မာရေးခြားရှိဖို့နဲ့ အမှန်တရားပေါ်မှာ အမြဲတမ်းရပ်တည်နေနိုင်ဖို့တောင်းထားပါတယ်။ အလွန်ကျော်ကြားလှတဲ့ ဟဒီးဆ်ပညာရှင်နဲ့ သူတော်စင်တစ်ပါးဖြစ်တဲ့ အဗ်ဒုလ္လာဟ်ဗင်န်မုဘာရက်အကြောင်းက လူသိများပါတယ်။ သူ့ဘ၀အစပိုင်းမှာ တီးခုံပျော်ပါးမှု၊ တေးသီချင်းတွေနဲ့ ပျော်မွေ့ခဲ့သူပါ။ အရက်သေစာကိုပါ နှစ်နှစ်ခြိုက်ခြိုက်မှီဝဲခဲ့တယ်။ မိဘနှစ်ပါးက စိတ်ထိခိုက်ပြီး နေ့ညသားအတွက် ဒုအာဆုတောင်းခဲ့တယ်။ ဒီလိုနဲ့တစ်နေ့ပျော်ပါးမူးယစ်ပြီး အိပ်ပျော်သွားခဲ့တယ်။ အိပ်မက်မှာ အလွန်လှပတဲ့ ဥယျာဉ်ခြံကိုတွေ့တယ်။ သစ်ကိုင်းတစ်ကိုင်းမှာ ငှက်တစ်ကောင်နားနေပြီး နှုတ်ကအောက်ပါ အာယသ်ကို ရွတ်ဆိုနေတာကြားရတယ်။
 
မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ အလ္လဟ်အရှင်မြတ်၏ဆုံးမသြ၀ဒါသတိပေးနှိုးဆော်ချက်၏ ရှေ့ဝယ်လည်းကောင်း၊ ကျရောက်လာပြီးဖြစ်သော အမှန်တရား၏ရှေ့ဝယ်လည်းကောင်း စိတ်နှလုံးများကိုင်းညွတ်ရန် အချိန်တန်ပြီမဟုတ်လော (အလ်ဟဒီးဒ် – ၁၆)
 
အဗ်ဒုလ္လာဟ်ဗင်န်မုဘာရက် အိပ်ယာကနေလန့်ဖြန့်ပြီးနိုးလာတယ်။ နှုတ်ကနေ “အိုအလ္လာဟ်! အချိန်တန်ပါပြီလို့ တတွတ်တွတ်ပြောရင်း အရက်ခွက်၊ ပုလင်း၊ တူရိယာအားလုံးကို ရိုက်ချိုးပြီး ရောင်စုံအင်္ကျီကိုချွတ်၊ ရေချိုးပြီး အရှင်ထံမှာ သောင်ဗဟ်ပြုအမှားဝန်ခံခဲ့တယ်။ အဲဒီနောက်ပညာကိုသင်ယူဆည်းပူးရင်းနဲ့ အလွန်ကျော်ကြားတဲ့ ဟဒီးဆ်ပညာရှင်ဖြစ်သွားခဲ့တယ်။ ဟဒီးဆ်ပညာရှင်တိုင်း၊ ဖေကာဟ်ဓမ္မသတ်ပညာရှင်တိုင်းလေးစားရတဲ့ ပညာရှင်နဲ့ သူတော်စင်ဖြစ်သွားခဲ့ရတာဟာ မိဘတွေရဲ့ ဒိုအာကြောင့်လို့ဆိုနိုင်တယ်။
 
ယခုတိုးတက်နေတဲ့ ဒီခေတ်မှာ အုပ်ထိန်းသူတွေက ကလေးတွေအတွက် အချိန်မပေးနိုင်တော့တာတွေ့ရပါတယ်။ ဒါဟာကလေးတွေအတွက် အလွန်လိုအပ်တဲ့အရာပါ။ ကလေးတွေဟာဖခင်နဲ့ အုပ်ထိန်းသူရဲ့စစ်မှန်တဲ့အချစ်တွေ မရကြဘူး။ ကလေးတွေကို ပဲ့ပြင်ဆုံးမမှုမရှိသလောက်ပါပဲ။ စာအုပ်ဆိုင်တွေမှာဆိုရင်လည်း ကလေးတွေပျက်စီးမယ့်စာအုပ်တွေ ထုနဲ့ထေးဖြစ်နေပါပြီ။ ကလေးတွေပြုပြင်မှုရမယ့် လူကောင်းဖြစ်မယ့်စာအုပ်စာပေမရှိသလောက်ဖြစ်နေပြီ။ တီဗီ၊ ဗီဒီယို၊ မီဒီယာတွေမှာလည်း ကလေးတွေတိုးတက်စေမယ့်အရာတွေအစား ကိုယ်ကျင့်တရား ပျက်ပြားစေမယ့် ဟာတွေများနေပါတယ်။ ကလေးတွေအခွင့်အရေးဆိုတာ သူတို့ကို စားသောက်ဖို့စီစဉ်ပေးရုံနဲ့မပြီးပါဘူး။ သတင်းမီဒီယာတွေက သူတို့ရဲ့ စာရိတ္တတွေကောင်းလာဖို့ သင်ကြားပေးတဲ့ ပညာသင်ယူနိုင်ရာနေရာ ဖြစ်လာသင့်ပါတယ်။ ကလေးတွေအတွက် ငွေကြေးရှာဖွေရုံနဲ့ မပြီးသေးဘူး။ ကလေးတွေအတွက် အချိန်ထုတ်ပေးရမှာလည်း သူတို့အခွင့်အရေးပါ။ အချိန်မပေးခြင်းက ကလေးတွေအပေါ် မတရားရာကျပြီး သူတို့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း လူတွေကို အသိပေးဖို့လိုပါတယ်။
(GTI ကျော်မင်းနိုင်ရေးသည်)
ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1