စွယ်စုံဗလီတွေဖြစ်ဖို့ ဝိုင်းဝန်းဆောင်ရွက်စို့

ကဏ္ဍ – Myanmar Muslim Issues

(M.အောင်မြတ်ဦး)

ဟစ်ဂ်ျရသ်ခရီးစဉ်ဆိုတာအားလုံးကြားဖူးပြီးသားပါ။ အစ္စလာမ်သာသနာဖြန့်ချိဖို့အခက်အခဲတွေ ပေါ်ပေါက်လာချိန်မှာ တမန်တော်ဟာ မလွှဲသာမရှောင်သာ မိမိမွေးရပ်မြေကနေ မဒီနာမြို့ကိုဟစ်ဂ်ျရသ်ပြု ပြောင်းရွှေ့ခဲ့ပါတယ်။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မဒီနာကိုရောက်ရှိလာခဲ့ပြီး အဘူအိုင်ယူဗ်အန်ဆွာရီဆိုတဲ့ မဒီနာမြို့ က ဆွဟာဗီတစ်ဦးရဲ့နေအိမ်မှာ တမန်တော်ဟာ လနဲ့ ချီပြီး စခန်းချနေထိုင်ခဲ့ပါတယ်။

မဒီနာကိုရောက်ရှိပြီးတဲ့နောက်မှာ တမန်တော်မြတ်ဟာ ပြန့် ကျဲနေတဲ့ မွတ်စ်လင်တွေကို စုစည်းဖို့ အတွက် ပထမဦးဆုံးကြိုးပမ်းခဲ့တာကတော့ ဗလီဝတ်ကျောင်းတော်တစ်လုံးဆောက်လုပ်ဖို့ ကိစ္စပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင်သူများအိမ်မှာတည်းခိုနေရတယ်၊ဇနီးသည်တွေလည်း တကွဲတပြားစီဖြစ်နေတာကို နောက်မှစဉ်းစားခဲ့ပြီး ဦးစွာပထမ ဗလီဝတ်ကျောင်းတော်ဆောက်လုပ်ဖို့ မြေကွက်လပ်လေးကို ကျသင့်ငွေပေးပြီးဝယ်ယူခဲ့ပါတယ်။ အဲဒီမြေကွက်လပ်ပေါ်မှာ မဒီနာမြို့ ရဲ့ပထမဦးဆုံးဗလီဖြစ်တဲ့ မတ်စ်ဂျေဒေနဗဝီဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့ပြီး မဒီနာမြို့ တစ်ခွင်မှာ ရှိနေတဲ့ မွတ်စ်လင်တွေအားလုံးကို စုရပ်အဖြစ်နဲ့ သတ်မှတ်ပေးခဲ့ပါတယ်။

ဗလီဟာမွတ်စ်လင်တွေရဲ့စုရပ်ဖြစ်ပါတယ်။စုစည်းမှုရဲ့ပြယုဂ်ဖြစ်ပါတယ်။မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။ တမန်တော်ခေတ်က မတ်စ်ဂျေဒေနဗဝီဗလီလေးဟာ အခုခေတ်ဗလီကြီးတွေလို ခန့် ညားထည်ဝါပြီး ခေတ်မီတဲ့ဗလီမဟုတ်ပါဘူး။ တန်ဖိုးကြီးတူရကီကောဇောတွေမခင်းထားဘဲ ကျောက်စရစ်ခဲတွေသာရှိတဲ့ ဟင်းလင်းပြင်မြေကြီးပဲဖြစ်ပါတယ်။ ပန်ကာတွေ လေအေးပေစက်တွေမရှိတဲ့အတွက် အစပိုင်းမှာ သောကြာနေ့မှာ ရေချိုးပြီးမှ ဗလီလာဖို့ အတွက်တောင် မဖြစ်မနေ ဝါဂျစ်ဗ်အဖြစ်သတ်မှတ်ပေးခဲ့ရပါတယ်။ အုတ်နံရံတွေ ကြွေပြားတွေမရှိဘဲ စွန်ပလွန်အကိုင်းတွေကိုသာ ယာယီကာရံထားပါတယ်။ ရုပ်ဝထ္ထုပစ္စည်းတွေနဲ့ တခမ်းတနားမရှိလှတဲ့ မတ်စ်ဂျေဒေနဗဝီ ဗလီလေးဟာ ကမ္ဘာ့လူသားစုတစ်ရပ်လုံးနဲ့ မဒီနာမြို့က ဘာသာပေါင်းစုံလူသားတွေအတွက် အားကိုးအားထားရာ နေရာလေးတစ်ခုတော့ဖြစ်ခဲ့ပါတယ်။

တမန်တော်မြတ်ကြီး ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ဟာ မတ်စ်ဂျေဒေနဗဝီဗလီကို နမာဇ်ဖတ်ဖို့ တရားဟောဖို့ အတွက်လောက်သာ အသုံးပြုခဲ့တာမဟုတ်ပါဘူး။ မွတ်စလင်တွေရဲ့ အထွေထွေလိုအပ်ချက်တွေအားလုံးကို ဗလီကနေတဆင့်ဖြည့်ဆည်းပေးခဲ့ပါတယ်။ အမှုကိစ္စမှန်သမျှကို ဗလီကနေ ထိုင်ပြီးဖြေရှင်းပေးခဲ့ပါတယ်။ အထူးသဖြင့် မဒီနာမြို့ မှာနေထိုင်တဲ့ မွတ်စလင်တွေရဲ့ပညာရေးကဏ္ဍကို တည်ဆောက်တဲ့နေရာဟာ ဗလီပဲဖြစ်ပါတယ်။

မဒီနာမြို့ မှာ မြေကွက်လပ်အလွတ်တွေအမြောက်အများရှိခဲ့ပါတယ်။ ချမ်းသာတဲ့ဆွဟာဗဟ်တွေအများအပြား ကိုယ်တော့်ဘေးမှာရှိနေပါတယ်။ ကိုယ်တော်မြတ် တစ်ချက်လက်ညှိုးထိုးလိုက်တာနဲ့ ဖြစ်အောင်လုပ်ပေးမယ့် မိတ်ဆွေတွေ ရှိနေတာတောင် တမန်တော်ဟာ မဒီနာမြို့သူမြို့ သားတွေရဲ့ ပညာရေးအတွက် ဗလီကလွဲပြီး အခြားနေရာကို အသုံးမပြုခဲ့ပါဘူး။

အစ္စလာမ်ရဲ့ပထဦးဆုံး ဘာသာရေးစာသင်ကျောင်းကို တမန်တော်ဟာ ဗလီထဲမှာဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ မဒီနာမြို့ သားတွေရော၊ မက္ကာဟ်ကရွှေ့ပြောင်းလာတဲ့မုဟာဂျိရ်တွေရော၊ ပြည်ပနိုင်ငံတွေကရောက်ရှိလာတဲ့ မွတ်စလင်တွေပါ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ အဲဒီကျောင်းလေးကို ဆုဖ်ဖဟ် လို့ အစ္စလာမ့်သမိုင်းမှာ လူတွေသိကြပါတယ်။ ဒီကျောင်းကနေဆင်းလာတဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ အဘူဟိုရိုင်ရဟ် (ရသွေ့) ဟာ ဟဒီးဆ်ပေါင်း ၅၇၀၀ကျော်ဆင့်ပြန်ပြီး သမိုင်းမှာ ဟဒီးဆ် အများဆုံး ဆင့်ပြန်သူ ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းကနေဆင်းလာတဲ့ မုအာဇ်ဘင်န်ဂျဘလ်ဟာ ကေယာမသ်နေ့ မှာ အာလင်မ်တွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်ပါမယ်။ဆုဖ်ဖဟ်ကျောင်းဆင်း အိုဘိုင်ယ်ဘင်န်ကအဗ်ဟာ ထင်ရှားတဲ့ကာရီဆဗ်ကြီးဖြစ်ခဲ့ပါတယ်။

ပညာရေးကဏ္ဍကိုလည်း ဗလီထဲကနေပဲ သင်ကြားပေးခဲ့သလို မွတ်စလင်တွေရဲ့ အထွေထွေကိစ္စရပ်တွေကိုလည်း ဗလီကနေသာ ဖြေရှင်းခဲ့ပါတယ်။ တစ်နှစ်တစ်ကြိမ် ပေးဆောင်ရတဲ့ ဆင်းရဲသားအလှူဒါနကြေး ဝေငှတဲ့နေရာဟာ ဗလီဖြစ်ပါတယ်။ နဖိလ်ဆွဒကဟ်အလှူဒါနတွေပေးကမ်းတဲ့နေရာဟာ ဗလီဖြစ်ပါတယ်။ ခန်ဒက်စစ်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မွတ်စလင်တွေကို ဗလီထဲမှာပဲ နေထိုင်ခိုင်းပြီး ဆေးကုသပေးခဲ့ပါတယ်။ ရပ်ဝေးရပ်နီးက ဧည့်သည်တွေလာတဲ့အခါမှာလည်း ဗလီရဲ့ ပရဝုဏ်အတွင်းမှာပဲတည်းခိုစေပါတယ်။

နောက် မွတ်စလင်တွေအတွက်သာ ဗလီဆောက်ခဲ့တာမဟုတ်ဘူးဆိုတာကို တမန်တော်ဟာ လက်တွေ့ပြသခဲ့ပါတယ်။ နဂ်ျရာန်က ဘာသာခြားဧည့်သည်တွေ၊ခေါင်းဆောင်တွေလာတဲ့အခါမှာ ဗလီထဲမှာပဲ ယာယီတဲတွေထိုးစေပြီး နေထိုင်စေခဲ့ပါတယ်။ သဘာဝဘေး အန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါမှာလည်း တမန်တော်ဟာ ဘာသာပေါင်းစုံက မဒီနာမြို့ သားတွေကို ဗလီထဲမှာပဲ နေထိုင်ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။ အိမ်မရှိတဲ့လူတွေအတွက် ဗလီဟာ နားခိုရာနေရာတစ်ခုအဖြစ်ပါ တမန်တော်ခွင့်ပြုပေးခဲ့ပါတယ်။

မဒီနာမြို့ က တမန်တော်မြတ်ဗလီလေးဟာ မွတ်စလင်တွေရဲ့ဘာသာရေးကဏ္ဍတစ်ခုပဲမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် စောင့်ရှောက်ရေး ဌာနချုပ်တစ်ခုဖြစ်ခဲ့သလို ဘာသာခြားတွေအတွက် ကူညီရေး၊ မျှဝေရေး၊ ဒအ်ဝဟ်ဖိတ်ခေါ်ရေး ဌာနလည်းဖြစ်ပါတယ်။

လက်ရှိကျနော်တို့ နိုင်ငံမှာ မွတ်စလင်တွေအတွက် တရားဝင်ဘာသာရေးကဏ္ဍဆောင်ရွက်လို့ ရတဲ့နေရာဟာ ဗလီတွေပဲကျန်ပါတော့တယ်။ ယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်လှစ်ထားတဲ့ မွတ်စလင်ဘာသာရေးအခြေခံ စာသင်ကျောင်းလေးတွေအများကြီးကို အစိုးရက ပိတ်ပင်ထားပါတယ်။ ဒီလိုအချိန်မှာ အာဏာပိုင်တွေဘက်က ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာကို ထိုင်စောင့်နေမယ့်အစား ကျနော်တို့ ရဲ့ ဘာသာရေးစာသင်ကျောင်းတွေကို ဗလီတွေနဲ့ ချိတ်ဆက်ရမှာပါ။ ဗလီတိုင်းမှာ ဘာသာရေးအခြေခံကျောင်းတွေရှိဖို့လိုပါတယ်။ ဗလီနဲ့ ချိတ်ဆက်ပြီး ဗလီထဲမှာပဲ ကလေးတွေကို စာသင်မယ်ဆိုရင် အစိုးရဖွင့်ပေးတဲ့ အချိန်ကိုလည်း ထိုင်စောင့်စရာမလိုသလို ဘယ်သူကိုမှလည်း စိုးရိမ်နေစရာမလိုပါဘူး။ အဲဒီအတွက် ဗလီဂေါပကလူကြီးတွေက သဘောထားကြီးပေးဖို့ ကျောင်းဂေါပကတွေ၊ တာဝန်ခံဆရာတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ လိုပါတယ်။ နောက်ကျောလုံလုံနဲ့ ပညာသင်နိုင်တဲ့နေရာဟာ အခုချိန်မှာ ကျနော်တို့ အတွက် ဗလီဝတ်ကျောင်းတော်တွေသာဖြစ်ပါတယ်။

မွတ်စလင်တွေရဲ့ ဘာသာရေးပညာသင်ကြားရေးကို ဗလီထဲထည့်ဖို့ လိုအပ်သလိုလူမှုရေး၊ ကယ်ဆယ်ရေးကဏ္ဍတွေကိုလည်းဗလီနဲ့ ချိတ်ဆက်ဖို့ လိုပါတယ်။ အထူးသဖြင့် ဘာသာပေါင်းစုံကို ကူညီနေတဲ့ မွတ်စလင်ပရဟိတ အဖွဲ့အစည်းတွေအနေနဲ့ နီးစပ်ရာဗလီတွေနဲ့ တွဲထားဖို့ လိုပါတယ်။ ဘာသာခြားဒုက္ခသည်တွေကိုဗလီထဲကနေတဆင့် အလှူငွေများပေးအပ်ခြင်း၊ ကူညီရိုင်းပင်းခြင်း၊ကျွေးမွေးစောင့်ရှောက်ခြင်းတွေပြုလုပ်ရပါမယ်။ အနောက်နိုင်ငံတွေမှာ အလားတူလုပ်နေပါတယ်။ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရင် ဗလီတွေကနေ အစားအသောက်လှူဒါန်းခြင်း၊ ယာယီနေရာထိုင်ခင်းပေးခြင်းတွေလုပ်ပြီး ဘာသာစုံ လူမျိုးစုံကို ကူညီကြပါတယ်။

ဒါကိုအကြောင်းခံပြီး ဘာသာခြားညီကိုတွေ ဗလီရဲ့ပတ်ဝန်းကျင်ကို ရောက်ရှိလာမယ်။ ဗလီရဲ့ရည်ရွယ်ချက်ကိုသိနိုင်မယ်။ မွတ်စလင်တွေဟာ လူမှုရေးကိစ္စ ကယ်ဆယ်ရေးကိစ္စ ပရဟိတအလုပ်တွေကို နိုင်ငံရေးအကျိုးအမြတ်အတွက်လုပ်နေခြင်းမဟုတ်ကြောင်း၊ အစ္စလာမ်ရဲ့လမ်းညွှန်ချက်တစ်ခုအဖြစ် လုပ်နေခြင်းဖြစ်ကြောင်း၊ တမန်တော်ကိုယ်တိုင်ဗလီကို လူသားအားလုံးအတွက်အသုံးပြုခဲ့ကြောင်းဆိုတာတွေကို ဘာသာခြားမိတ်ဆွေတွေ နားလည်ဖို့ အတွက် ကျနော်တို့ရဲ့ ပရဟိတလုပ်ငန်းတွေကို ဗလီတွေနဲ့ ချိတ်ဆက်ပြုလုပ်ပြီး ဘာသာရေးလမ်းညွှန်မှုတစ်ခုအဖြစ် ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ဉာဏ်အလင်းမှတဆင့် အကြံပြုအပ်ပါတယ်။

———————————————————-

ကဏ္ဍ စုံလင်လှပြီး 8 MB သာ ရှိတဲ့ တစ်နှစ်ပြည့် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၂) ကို အခမဲ့ Download ရယူရန် –

Mediafire – http://bit.ly/2C2F9Vu
pCloud – http://bit.ly/2DNx1sy

Leave a Reply

Your email address will not be published. Required fields are marked *