ဘရိုဟီလူမျိုးစု (Brohi/Brahui)

ကဏ္ဍ – Ethnic Groups
 
(ရာဇာ)
 
ဘရိုဟီ သို့မဟုတ် ဘရာဝီ လူမျိုးစုသည် အာရှတိုက် ပါကစ္စတန်နိုင်ငံ၏ ဌာနေတိုင်းရင်းသားများဖြစ်ပြီး ဘလိုချီစတန်ပြည်နယ်တွင် အဓိကနေထိုင်သည်။ အာဖဂန်နစ္စတန်တောင်ပိုင်းနှင့် အီရန်နိုင်ငံတို့တွင်လည်းတွေ့ရနိုင်သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းနိုင်ငံအချို့တွေလည်းပျံ့နှံ့နေထိုင်ကြသည်။ လူဦးရေအားဖြင့် ၈သိန်းခွဲမှ ၂.၂သန်းအထိရှိပြီး ၉၉% ရာခိုင်နှုန်းမှာ စွန္နီမွတ်စလင်များဖြစ်ကြသည်။ ဆင်န်ဒီနှင့် ဘရာဟိုဝီဘာသာစကားတို့ကိုပြောဆိုသည်။
 
ဘရိုဟီဟူသည်
 
ဘရိုဟီလူမျိုးများကို ပါကိစ္စတန်အနောက်ခြင်း နယ်စပ်အနီး ထူထပ်သောတောင်တန်းဒေသများတွင် အတွေ့ရအများဆုံးဖြစ်သည်။ ဘရိုဟီဟူသောဝေါဟာရကို အနက်မျိုးမျိုးဖွင့်ဆိုထားသည်များရှိ၏။ အထင်ရှားဆုံးမှာ ဘရိုဟီဟူသည် တောင်ပေါ်ဒေသနေသူများ သို့မဟုတ် တောင်ပေါ်သားများ ဟူ၍ဖြစ်သည်။
 
ဘရိုဟီတို့၏ သမိုင်းနှင့်ပတ်သက်၍ အကယ်ဒမစ်အဆင့် သီအိုရီရှင်းလင်းချက်သုံးခုရှိသည်။ ပထမတစ်ခုမှာ ဘရိုဟီတို့သည် ဒရာဗီဒီယန်းလူမျိုးစု၏ လက်ကျန်အုပ်စုများဟုဆိုကြသည်။ ၎င်းတို့သည် အင်ဒို-အီရန်ဘာသာစကားပြောကြပြီး ဒရာဗီဒီယန်းလူမျိုးစုများပြန့်ကြဲထွက်သွားပြီးနောက် ကျန်ရစ်ခဲ့သူများဖြစ်သည်။ ဒုတိယသီအိုရီမှာ ၎င်းတို့သည် မွတ်စလင်ခေတ်ဦးကာလ ၁၃ သို့မဟုတ် ၁၄ ရာစုများတွင် အိန္ဒိယအတွင်းပိုင်းမှ ဘာလိုချီစတန်သို့ ရွှေ့ပြောင်းအခြေချသူများဟု ဆိုသည်။ တတိယသီအိုရီကမူ အေဒီ ၁၀၀၀ နောက်ပိုင်းတွင် ဗဟိုအိန္ဒိယဒေသမှ ဘလိုချီစတန်သို့ ဘရိုဟီတို့ရွှေ့ပြောင်းခဲ့ကြသည်ဟု ဆိုပြန်သည်။
 
၁၇ရာစုမှာ ဘလိုချီစတန်နယ်မြေ ကလတ်ဒေသကို ဘရိုဟီများကြီးစိုးခဲ့ကြသည်။ ထိုမှစ၍ နောင်နှစ်ပေါင်း ၃၀၀ တိုင်တိုင် ဘရိုဟီမင်းဆက်များအဆက်မပျက်အုပ်ချုပ်ခဲ့သည်။ ထို့နောက်တွင် ကလတ်သည် တည်နေရာအရ မဟာဗျူဟာကျသည့် ဒေသဖြစ်သည့်အလျောက် ဗြိတိသျှကိုလိုနီတို့၏ သိမ်းပိုက်ခြင်းကိုခံရသည်။ သို့သော်လည်း ၁၉၄၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံထဲသို့ မသွတ်သွင်းခံရချိန်အထိ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။
 
ဘာသာစကား
 
ဘရိုဟီဘာစကားသည် အိန္ဒိယတောင်ပိုင်း ဘာသာစကားများနှင့် ခပ်ဆင်ဆင်တူသည်။ မိုင်ပေါင်း ၁၀၀၀ နီးပါးဝေးသော ဒေသနှစ်ခုတွင် နေထိုင်သည့် မတူညီသည့်လူမျိုးစုများအကြား ဆင်တူသော ဘာသာစကားပြောကြားနေခြင်းသည် တောင်အာရှဘာသာစကားလေ့လာသူများအတွက် ပဟေဠိကြီးတစ်ခုဖြစ်နေတော့သည်။ အခြားဘာသာစကားများနှင့် ဘရိုဟီဘာသာစကားကြားကွာခြားချက်မှာ ဘရိုဟီဘာသာစကားတွင် လက်ရေးမူမရှိခြင်းပင်ဖြစ်သည်။ ဘရိုဟီမျိုးနွယ်ဝင်အများအပြားသည် ဘာသာစကားနှစ်မျိုးပြောတတ်သူများဖြစ်ကြသည်။ ဘရိုစီဘာသာစကားအပြင် တခြား ဒေသခံ ဘာသာစကားလည်းပြောတတ်သူများဖြစ်ကြသည်။
 
ဘရိုဟီတို့တွင် ပါးစပ်ရာဇဝင်များ၊ သူရဲကောင်းကဗျာများနှင့် ရိုးရာဂီတများရှိသည်။ အဆိုပါဂီတများကို ခြေသလုံးအိမ်တိုင်သီချင်းသည်များနှင့် ဂီတပညာရှင်များက တီးမှုတ် သီဆိုလေ့ရှိသည်။ ထိုသူများကို ဒွန်းမ် (Dombs) ဟုခေါ်ပြီး ဘရိုဟီအသိုင်းအဝိုင်းတွင် မရှိမဖြစ်အုပ်စုဖြစ်သည်။ လက်ထပ်ထိမ်းမြားပွဲနှင့် နာရေးပွဲများတွင် ကခုန်ခြင်းမှာအရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ပေသည်။
 
ဘာသာတရားနှင့် ယဉ်ကျေးမှု
 
ဘရိုဟီများသည် စွန္နီမွတ်စလင်များဖြစ်ကြသည်။ လူမှုဘဝကိုမူအိန္ဒိယယဉ်ကျေးမှုလွှမ်းမိုးသည်။ ဆွလာသ်ဝတ်ပြုမှုများကို ဗလီတွင်ဆောင်ရွက်လေ့ရှိကြပြီး မွလ္လာဟ်ဘာသာရေးဆရာများကို အလေးပေးကာ ဘာသာရေး၊ သာရေးနာရေးမှန်သမျှကို မွလ္လာဟ်များဖြင့်ဆောင်ရွက်သည်။ ဘရိုဟီများသည် ပိရ်သူတော်စင်များကိုလည်း အထူးတလည်ကြည်ညိုကြသည်။ မည်မျှလောက်ထိဆိုလျှင် မိသားစုတိုင်း၌ ၎င်းတို့အားကိုးအားထားပြုသည့် ပိရ်သူတော်စင်တစ်ပါးစီရှိသည်ထိဖြစ်သည်။ အမျိုးသမီးများဆိုလျှင် သူတော်စင်တို့၏ ဗိမာန်မှ မြေကြီး (ခဝါဒါ) များယူပြီး လိုအပ်သည့်အချိန်အသုံးပြုနိုင်ရန် အိမ်တွင်တရိုတသေထားကြသည်။ ဘရိုဟီတို့သည် မှော်အောက်လမ်းနှင့် မကောင်းဆိုးဝါးပူးကပ်ခြင်း၊ ဂျင်န်ပူးကပ်ခြင်းများကိုယုံကြည်ကြသည်။ ထိုသို့ပူးကပ်ခံရပြီဆိုလျှင် မွလ္လာဟ်သို့မဟုတ် ဆိုင်ယဒ်တစ်ဦးဦးကို အိမ်ပင့်ကာ မကောင်းဆိုးဝါးထုတ်ခြင်းအမှုကိုပြုလုပ်ကြသည်။ ထို့အပြင် ၎င်းတို့ထံမှ အဆောင်လက်ဖွဲ့များလည်း တောင်းခံလေ့ရှိသည်။
 
ဘရိုဟီလူမျိုးအချင်းချင်းလမ်းတွင်တွေ့ဆုံပါက ရပ်ကာလက်ဆွဲနှုတ်ဆက်ကြပြီး ပွေ့ဖက်နှုတ်ဆက်ကြသည်။ ထို့နောက်တစ်ဦးကျန်းမာရေးတစ်ဦးမေးကာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ကျွဲနွား လယ်ယာကိုင်းကျွန်းနှင့် တစ်ခြားအရေးအရာများကို ဖလှယ်ကြသည်။ ဘရိုဟီလူမျိုးစုသည် ဧည့်ဝတ်အလွန်ကျေပွန်ကြောင်း လူသိများသည်။
 
မွေးဖွားခြင်းဆိုင်ရာ အယူအဆများ
 
သားယောက်ျားလေးမွေးဖွားခြင်းသည် ဘရိုဟီတစ်ဦးအတွက် အရေးအကြီးဆုံးကိစ္စရပ်တစ်ခုဖြစ်သည်။ သမီးမိန်းကလေးကိုမူ လက်ဆောင်ပစ္စည်းတစ်ခုလောက်သာတန်ဖိုးထားကြသည်။ သားယောက်ျားလေးမွေးပြီဆိုပါက ဖခင်ဖြစ်သူက လေထဲသို့ သေနတ်များပစ်ဖောက်ကာ မိမိအသိုင်းအဝိုင်းကို ကြေညာခြင်းအမှုပြု၏။ မိခင်နှင့် မွေးကင်းစကလေးကို စုန်းနှင့် မကောင်းဆိုးဝါးများပြုစားခြင်းမရှိစေရန် အဆောင်လက်ဖွဲ့အကာအကွယ်များစွာ ပြုလုပ်လေ့ရှိသည်။ သားယောက်ျားလေးမွေးလျှင် သိုးနှစ်ကောင်နှင့် သမီးမိန်းကလေးမွေးလျှင် သိုးတစ်ကောင်သတ်ကာ ချက်ပြုတ်ပြီး မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းနှင့် အိမ်နီးချင်းမိတ်ဆွေများကို လှူဒါန်းကျွေးမွေးကြသည်။ ထို့နောက် ကလေးငယ်ကို အထင်ကရရှိသော အထက်ဘိုးဘွားဘီဘင်တစ်ဦးဦး၏ နာမည်ပေးကာ ကင်ပွန်းတပ်ကြသည်။ ကလေးအသက် ၂ နှစ်အရွယ်တွင်မူ ဦးခေါင်းရိတ်ခြင်းပွဲတော် (Sar-kuti) ပြုလုပ်သည်။ ထိုပွဲကို မိမိတို့ကြည်ညိုသည့် ပိရ်သူတော်စင်၏ ဗိမာန်၌ လုပ်လေ့လုပ်ထရှိသည်။ သားယောက်ျားလေးဆိုလျှင် အသက်ခြောက်လအရွယ်၌ လိင်ထိပ်အရေပြားလှီးဖြတ်ကာ ရှင်ပြုပေးကြသည်။
 
ယောက်ျားလေးလူပျိုဖော်ဝင်ချိန်တွင်မူ မည်သည့်ပွဲတော်အခမ်းအနားမျှမကျင်းပပေ။ သို့သော် မိန်းကလေးငယ် အပျိုဖော်ဝင်ပြီး ပထမဆုံး ဓမ္မတာသွေးဆင်းပြီဆိုလျှင် ရိုးရာတစ်ခုပြုလုပ်ရလေ့ရှိသည်။ ထိုနေ့ နေဝင်ချိန်၌ မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ခဲလုံးသုံးလုံးကို တြိဂံဖြစ်အောင်စီရီပေးပြီး သူမကို ထိုခဲလုံးများပေါ်သို့ သုံးကြိမ်သုံးခါခုန်ကျော်ခိုင်းသည်။ ထိုသို့လုပ်ခြင်းအားဖြင့် မိန်းကလေးငယ်၏ ဘဝတစ်လျှောက်လုံး ဓမ္မတာတစ်ကြိမ်လာလျှင် သုံးရက်ထက်ပိုမလာတော့ဟူ၍ အယုံအကြည်ရှိသည်။ ကလေးဘဝကတည်းက စေ့စပ်ထားခြင်းမရှိလျှင် အပျိုးဖော်ဝင်ပြီးတာနှင့် မကြာခင်မှာဘဲ လက်ထပ်ရလေတော့သည်။
 
နေထိုင်မှု
 
ဘရိုဟီတို့၏အဆောက်အဦမျာသည် ၎င်းတို့နေထိုင်သည့်ဒေသအလိုက် လုပ်ကိုင်သည့်အလုပ်အကိုင်အပေါ် မူတည်ကာ အပြောင်းအလဲရှိသည်။ အများစုသည် အတည်တကျမနေဘဲ ရိုးရာရွေ့လျားပြောင်းရွှေ့စီးပွားရေးကို လုပ်ကိုင်ကြသည်။ လယ်ယာကိုင်းကျွန်းဖြစ်ထွန်းမည့်အရပ်ဒေကို ရှာဖွေရင်း တဲနှင့် ယာယီတဲများတည်ဆောက်ကာနေထိုင်ကြသည်။ မွေးမြူရေးကိုအဓိကလုပ်ကိုင်သည့်အလျောက် ရွှေ့ပြောင်းအခြေချလိုက် တိရစ္ဆာန်အုပ်များကိုပါ အတူသယ်ဆောင်ကျောင်းသွားလေ့ရှိသည်။ မွေးမြူရေးလုပ်ငန်းတဖြေးဖြေးခက်ခဲလာသည်နှင့်အမျှ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လာကြသည်။ တောင်ပေါ်ရွာများတွင် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် ကောက်စိုက်ရာသီ ၉ လခန့်မှီတင်းနေထိုင်ကြသည်။ ဆောင်းတွင်းတွင်မူ အိမ်မွေးတိရစ္ဆာန်များကို တောင်အောက်သို့ပြန်ကျောင်းကာ တဲထိုးနေကြသည်။
 
ဝတ်စားဆင်ယင်မှု
 
အဝတ်အစားကဏ္ဍတွင်မူ ဘရိုဟီယောက်ျားလေးသည် အသက် ၃ နှစ်အရွယ်မှစတင်၍ လူကြီးဝတ်နှင့် ဆင်တူသည့် ဘောင်းဘီရှည်ကို စတင်ဝတ်ဆင်ခွင့်ရသည်။ အရွယ်ရောက်ချိန်သည်အထိ အက်ႌကိုမူ ကုရ္တီအက်ႌရွည္ကို ဆလ်ဝါဟုခေါ်သော ပွယောင်းယောင်းဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်သည်။ လူကြီးများကမူ တာဘန်ဟုခေါ်သော ခေါင်းပေါင်းကိုပါပတ်ကြသည်။
အမျိုးသမီးများက ဘောင်းဘီနှင့် အင်္ကျီရှည်ဝတ်ကြသည်။ တစ်ချို့အမျိုးသမီးများက ဘောင်းဘီရှည်အပြင် စကပ်ရှည်များကိုလည်း ဝတ်ဆင်ကြသည်။ ဂျလာဝန်ဒေသမှာ ဘရိုဟီအမျိုးသမီးများ၏ များသောအားဖြင့် အကျီရှည်မှာအနက်ရောင်ဖြစ်ပြီး တခြားဒေသများတွင်မူ အင်္ကျီပေါ်တွင် ချည်ဖြင့် ဒီဇိုင်းအမျိုးမျိုးဖော်ကာဝတ်ဆင်ကြသည်။ လက်ဝတ်လက်စားအဖြစ် လက်စွပ်၊ နှာခေါင်းကွင်း၊ နားကပ်များဝတ်ဆင်ကြသည်။
 
အစားအသောက်
 
ဘရိုဟီတို့၏ အဓိကအစားအစာသည် ဂျုံနှင့် ပေါင်မုန့်ကြမ်းဖြစ်သည်။ ဆန်စားကြသော်လည်း အခမ်းအနားနှင့် ပွဲတော်များတွင်သာ အဓိကဖြစ်သည်။ ဆိတ်သားနှင့် ဆိတ်တို့မှာ ဘရိုဟီတို့အတွက် မရှိမဖြစ်ပင်။ တောင်အာရှတစ်လွှားအလေ့အထကဲ့သို့ပင် အစားအသောက်ကို လက်တစ်ဖက်တည်းဖြင့် စားကြသည်။ တစ်ခါတစ်ရံတွင်မူ အားလုံးလက်ရည်တစ်ပြင်တည်းဖြစ်အောင် ဒေါင်းလန်းကြီးဖြင့် စားသည်လည်းရှိ၏။ နို့ကိုလည်း အမျိုးမျိုးလုပ်စားကြသောက်ကြသည်။ ဒိန်ချဉ်၊ ဂီးထောပတ်၊ နို့ထောပတ်၊ ဒိန်ခဲ အစရှိသဖြင့် လုပ်စားကြသည်။ စွံပလွံသီး၊ အခြားအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကိုလည်းစားကြသည်။ လက်ဖက်ရည်ကို အစာစားတိုင်းသောက်ကြပြီး ပွဲတော်များတွင်လည်း မဖြစ်မနေပါဝင်သည့် သောက်စရာဖြစ်သည်။
ပညာရေး
 
ဘရိုဟီအများစုသည် မရေးတတ်၊ မဖတ်တတ်ကြပေ။ ပညာတတ်မြောက်မှုနှုန်းအင်မတန်နည်းပါးသည်။ ကလတ်ခရိုင်တွင်ကောက်ယူသည့် ၁၉၇၂ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၀ နှစ်အထက် ရေးတတ် ဖတ်တတ်သူ ၆ ရာခိုင်နှုန်းသာရှိသည်ဟူ၏။ ဘရိုဟီတို့နေထိုင်သည့်နေရာမှာ ပါကစ္စတန်နိုင်ငံ၏ ဝေးလံခေါင်သီသော အရပ်ဖြစ်သောကြောင့် အစိုးရကျောင်းတက်ရန် လက်လှမ်းမမှီကြပါ။ ကျောင်းရှိလျင်လည်း ကျောင်းတက်ရောက်သူနည်းသည်။
 
Reference: The Life-History of a Brahui (Brays,Denys), The Brahuis of Quetta-Kalat Region (Rooman Anwar), www.everyculture.com, www.wikipedia.com
 
====================
 
7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2yk9yzT