လူကျွံဘောမိသွားတဲ့ မွတ်စလင်မုန်းတီးရေးအဖွဲ့

ဗြိတိန်က မွတ်စလင်မုန်းတီးရေးအဖွဲ့ Britain First ဟာ မွတ်စလင်တွေကို ရက်စက်သူတွေအဖြစ် ပုံဖော်ဖို့ သားသတ်ရုံတွေမှာ လျှို့ဝှက်ကင်မရာတွေတင်ဆင်ပြီး ရုပ်သံအဖြစ် တင်ဆက်ခဲ့ပါတယ်။

သူတို့ရည်ရွယ်ချက်က ဟလာလ်သားသတ်ရုံတွေမှာ တိရစ္ဆာန်တွေကို ညှင်းပမ်းနှိပ်စက်ပြီး ရက်ရက်စက်စက်သတ်တယ်လို့ ပုံဖော်ဖို့ပါ။ ဒါပေမဲ့ ကံဆိုးချင်တဲ့ သူတို့ရဲ့မဟုတ်မမှန်လုပ်ကြံမှုဟာ ဘူးပေါ်သလိုပေါ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လျှို့ဝှက်ရိုက်ကူးထားတဲ့နေရာက မွတ်စလင်တွေအတွက်ရည်ရွယ်တဲ့ ဟလာလ်သားသတ်ရုံမဟုတ်ဘဲ ဝက်သတ်ရုံက ဗီဒီယိုကြီးဖြစ်နေပါတယ်။ အခုအခါ တိရစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့အဖွဲ့ Animal Aid ကလည်း Britain First တင်ဆက်တဲ့ ဗီဒီယိုဟာ ဟလာလ်သားသတ်ရုံနဲ့ လုံးဝမတူညီကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ကမ်ပိန်းမန်နေဂျာဖြစ်သူ Ben Martin ကလည်း Britain First ရဲ့လုပ်ရပ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ တစ်ယူသန်မုန်းတီးရေးကို ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီလက်ယာအစွန်းရောက်အဖွဲ့ရဲ့ လုပ်ကြံတဲ့ဗီဒီယိုအပေါ် အင်မတန်စိတ်ပျက်မိကြောင်း ပြောလိုက်ပါတယ်။ မွတ်စလင်တွေဟာ ဝက်သားလည်းမစားသလို တိရစ္ဆာန်တွေရဲ့ဦးခေါင်းကို ဓာတ်တို့သေနတ် Stunned Gun နဲ့ ပစ်ပြီး သတိမေ့မျောအောင်လုပ်တာမျိုးကိုလည်း လက်မခံဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

အဲဒီဗီဒီယိုကို Britain First အစွန်းရောက်အဖွဲ့ရဲ့ ခေါင်းဆောင် Paul Golding ရဲ့ Website ပေါ်မှာ ကနဦးစတင်ခဲ့ပြီးနောက် အဖွဲ့ရဲ့ Facebook စာမျက်နှာပေါ်မှာ တင်ဆက်ခဲ့ပါတယ်။

အခုလုပ်ရပ်မျိုးဟာ Britain First အတွက် ပထမဆုံးမဟုတ်ပါဘူး။ အရင်ကလည်း ဟလာလ်သားသတ်နည်းကို အရှက်ရစေဖို့ရည်ရွယ်ပြီး ဟလာလ်သားသတ်ရုံတွေကို အကြိမ်ကြိမ်ထိုးဖောက်ဝင်ရောက်ခဲ့ပါသေးတယ်။ မွတ်စလင်တွေအနောက်ကိုသာ သည်းကြီးမည်းကြီးလိုက်နေပြီး တခြားတိရစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုစစ်စစ်တွေကိုတော့ ရေငုံနှုတ်ပိတ်ပြီး ကန်းချင်ယောင်ဆောင်နေတဲ့ Britain Frist အစွန်းရောက်အဖွဲ့အစည်းကို ဗြိတိန်ပြည်သူတွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM