အတူတကွယှဉ်တွဲနေထိုင်ခြင်းရဲ့အကောင်းဆုံး ပြယုဂ် သို့မဟုတ် ဆာရာယေဗို

ကဏ္ဍ – Religious Harmony

(စတီဗင်)

မွတ်စလင်၊ ခရစ်ယာန်နဲ့ ဂျူးအသိုင်းအဝိုင်းအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို နိုင်ငံရေးသမားတွေက ကန့်လန့်တိုက်လျက်ရှိတယ်လို့ ဘော့စနီးယား ဘာသာရေးခေါင်းဆောင်တွေ ဝေဖန်ပြောကြားလိုက်ပါတယ်။ ၁၉၉၀ စစ်ပွဲအတွင်းကြုံခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘာသာဝင်တိုင်းက ကိုယ်စီကိုယ်စီမေ့ပစ်ဖို့နဲ့ ခွင့်လွှတ်ဖို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

မြို့တော် ဆာရာယေဗိုမှာ ချာခ်ျ၊ ဗလီနဲ့ ဂျူးဘုရားကျောင်း ရာပေါင်းများစွာရှိပြီး ဒေသတွင်းနိုင်ငံတွေက ဂျေရုစလင်လေး (Small Jeruslem) လို့ တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ ဘော့စနီးယားနိုင်ငံဟာ ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်တဲ့ ရှည်လျားတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားပါတယ်။ အဓိက လူမျိုးစုသုံးစုဖြစ်တဲ့ အော်သိုဒေါ့ ဆာဘ်၊ ကက်သလစ် ခရိုအက်နဲ့ မွတ်စလင် ဘော့စနစ်တွေဟာ မီတာအနည်းငယ်သာရှိတဲ့အကွာအဝေးအတွင်း ကိုယ်စီကိုယ်စီဝတ်ပြုဆုတောင်းလေ့ရှိပါတယ်။

ယုံကြည်သူတွေဟာ သီးခြားစီရပ်တည်ရင် ငြိမ်းချမ်းမှုမရှိနိုင်ဘူးလို့ ဘော့စနီးယားမွတ်စလင် အသိုင်းအဝိုင်းခေါင်းဆောင် မုဖ်သီ ဟူစိန် ကာဗာဇိုဗစ်ခ်ျက ပြောပါတယ်။

“ဒီလိုဖြစ်ဖို့အတွက် နိုင်ငံရေးခေါင်းကြီးပိုင်းတွေမှာ တာဝန်ရှိပါတယ်။ အစပြုတဲ့အနေနဲ့ နိုင်ငံရေး အကျိုးစီးပွားအလို့ငှာ ဘာသာရေးကို အလွဲသုံးစားလုပ်နေတာတွေ ရပ်တန့်လိုက်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ သူတို့အဲဒီလိုအလွဲသုံးစားလုပ်တာကို မအောင်မြင်အောင် တားမြစ်ဖို့က ကျနော်တို့တာဝန်ပါ” လို့ မုဖ်သီက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အဓိကလူမျိုးသုံးစုထဲက အမျိုးသားရေးအမည်ခံနိုင်ငံရေးသမားတွေက ကိုယ့်အုပ်စုနဲ့ကိုယ် သီးခြားခွဲထွက်ဖို့ လုပ်နေကြပါတယ်။ အဲဒီလိုလုပ်ရပ်မျိုးကြောင့်ပဲ ၁၉၉၂-၁၉၉၅ ခုနှစ်အတွင်း ပြည်သူ တစ်သိန်းသေဆုံးကာ သန်းနဲ့ချီပြီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ပါတယ်။ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေဟာ အဲဒီဒဏ်ရာတွေကို ကြိုးစားကုစားလျက်ရှိပါတယ်။

၁၃၈၅ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး ဘော့စနီးယားရဲ့ရှေးအကျဆုံးဘုရားကျောင်းတွေထဲက တစ်ခုဖြစ်တဲ့ Franciscan ဘုရားကျောင်း Kraljeva Sutjeska မှ ဘုန်းတော်ကြီး Friar Zeljko Brkic က “ဘော့စနီးယားဟာ လူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့နိုင်ငံအဖြစ်သာ ရှင်သန်ရပ်တည်နိုင်မှာပါ။ နိုင်ငံရေးသမားတွေ ဘယ်လောက်သွေးခွဲ သွေးခွဲ လုံးဝမဖြစ်နိုင်ပါဘူး” လို့ အာမခံပြောကြားလိုက်ပါတယ်။

Friar Zeljko Brkic poses for a photograph inside Kraljeva Sutjeska Franciscan monastery in Kraljeva Sutjeska, Bosnia and Herzegovina, July 22, 2017. REUTERS/Dado Ruvic

သူ့ပြောကြားချက်ကို အော်သိုဒေါ့၊ ဂျူးနဲ့ မွတ်စလင်အုပ်စုတွေကလက်ခံကြပါတယ်။ အော်သိုဒေါ့ဘုရားကျောင်း Zitomislici က ဘုန်းတော်ကြီး Nektarije က “ကျနော်တို့ဆီမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားသုံးမျိုးစလုံးရှိနေခြင်းဟာ အင်မတန်အရေးကြီးလှပါတယ်။ အဲဒါကိုအခြေခံပြီး ကျနော်တို့ရဲ့ဖြစ်တည်မှုကို တည်ဆောက်ကြတာပါ” လို့ ပြောလိုက်ပါတယ်။

ဘော့စနီးယား ဂျူးအသိုင်းအဝိုင်းဥက္ကဋ္ဌ Jakob Finci ကလည်း ဘာသာပေါင်းစုံ အတူပူးပေါင်းဆောင်ရွက်ရေး ဥပမာအဖြစ် ဆာရာယေဗိုကိုညွှန်ပြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ မွတ်စလင်တွေက ဂျူးတွေကို ကူညီခဲ့သလို သုံးနှစ်တာစစ်ပွဲအတွင်းမှာ ဂျူးတွေကလည်း ဘော့စနီးယန်းဆာ့ဘ်စစ်သားတွေရဲ့လက်ချက်ကြောင့် ပိတ်ဆို့ခံထားရတဲ့ ဘာသာပေါင်းစုံက လူတွေကို အစားအသောက်တွေကူညီပေးခဲ့ပါတယ်။ “ဆာရာယေဗိုဟာ အားလုံးအတူတကွနေထိုင်လို့ရတယ်ဆိုတဲ့ အကောင်းဆုံး ဥပမာပါပဲ။ ဒါကျနော်တို့ရဲ့ဘဝနေနည်း အနုပညာပဲ” လို့ သူက ပြောပါတယ်။

Rabbi’s assistant Igor Kozemjakin poses for a photograph at Sarajevo Ashkenazi Synagogue in Sarajevo, Bosnia and Herzegovina, August 2, 2017. REUTERS/Dado

Ref: english.alarabiya.net

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs