နောက်ကောက်ကျရသည့်အကြောင်းအရင်းကို ရှုထောင့်သစ်မှချောင်းကြည့်ခြင်း (စဆုံး)

ဉာဏ်အလင်း အတွဲ(၁) အမှတ်(၂) နှင့် (၃) တွင်အခန်းဆက်ပါဝင်ခဲ့သည့် ပညာရေးဆောင်းပါး
မွတ်စလင်တွေအချင်းချင်းကြားမှာ အားမလိုအားမရ၊ ကျိတ်မနိုင်ခဲမရဖြစ်နေရတဲ့ မေးခွန်းကြီးတစ်ခုရှိပါတယ်။ အဲဒါ ကတော့ တစ်ချိန်က သိပ္ပံပညာကို တစ်ကမ္ဘာလုံးတတ်အောင် အုတ်မြစ်ချ သင်ကြားပေးခဲ့တဲ့ မွတ်စလင်တွေဟာ ဒီနေ့မှာ သိပ္ပံပညာရပ်တွေနဲ့ ပတ်သက်လာရင် ဘာကြောင့် နောက်ကောက်ကျ ကျန်ရစ်နေခဲ့ရသလဲ ဆိုတာပါပဲ။

အစ္စလာမ်ဘုန်းမီးနေလတောက်ပချိန် ရွှေခေတ်တုန်းက မွတ်စလင်တွေဟာလည်း အခုခေတ်သစ် မွတ်စလင်တွေ ကိုးကွယ်ကြတဲ့ အစ္စလာမ်ဘာသာကိုပဲ ကိုးကွယ်ကြတာ မဟုတ် ပါလား။ အဓိကအကြောင်းပြချက်တစ်ခု ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ နိုင်ငံရေးပြဿနာပါပဲ။မွတ်စလင်တွေ အကောင်အထည်ဖော်ဆောင်ခဲ့တဲ့ သိပ္ပံတော်လှန်ရေးခေတ်ကာလကနေတစ်ဆင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ခဲ့မှုတွေဟာ စပိန်ပြည်ကတစ်ဆင့် အနောက်ဥရောပ ထဲကို စီးဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခေတ်ကာလမှာ သိပ္ပံပညာရပ်ကို ဆက်လက်တိုးတက်ကြီးပွားအောင် လုပ်သူတွေ ကတော့ ဥရောပသားတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအချိန်ကာလ တိုင်အောင် ကမ္ဘာ့ဒေသအများစုဟာ မွတ်စလင်တွေရဲ့ နိုင်ငံရေး လွှမ်းမိုးမှုအောက်မှာပဲ ရှိနေပါသေးတယ်။ တစ်ချိန်ထဲမှာပဲ ခရူးဆိတ်စစ်ပွဲအပြီးမှာ အနောက်ဥရောပရဲ့ သိပ္ပံပညာ ဖွံ့ဖြိုး တိုး တက်မှုဟာ ဒီရေအလား မြင့်တက်လာခဲ့ပါတယ်။ မွတ်စလင်တွေ အုတ်မြစ်ချခဲ့တဲ့ သိပ္ပံပညာရပ်တွေအပေါ်မှာ ဆက်လက် တည်ဆောက်ခဲ့ပြီး ၁၀၉၅ ခုနှစ်ကနေ ၁၂၇၀ ခုနှစ် အထိ နှစ် ၂၀၀ နီးပါးတိုင်အောင် တဟုန်ထိုးတိုးတက်အောင် ကြံဆောင်နိုင်ခဲ့ ကြပါတယ်။

ခရူးဆိတ်စစ်ပွဲ ကာလတွေမှာ မြင့်မြတ်တဲ့နယ်မြေကို သိမ်းပိုက်ဖို့ရာအတွက် ဥရောပတစ်တိုက်လုံးဟာ စည်းလုံး ညီညွတ်စွာနဲ့ မွတ်စလင်တွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လက်လွှတ်ခဲ့ရတာပါပဲ။

ခရစ်ယာန်ဘက်က ပြုစုထားတဲ့ Pears စွယ်စုံကျမ်း (Pears Encyclopedia) ထဲမှာ အခုလိုရေးထားပါတယ်။ “ဒီစီမံကိန်းကြီး (မြင့်မြတ်တဲ့နယ်မြေကို သိမ်းပိုက်ရေး) အတွက် လူ့အသက် သန်းချီပြီး ပေးဆပ်ခဲ့ရတယ်။ ငွေကြေးဥစ္စာတွေ မရေမတွက်နိုင်လောက်အောင် ရင်းနှီးမြှုပ်နှံခဲ့ရတယ်။ အရာ အားလုံးပြီးဆုံးသွားချိန်မှာတော့ ဂျေရုဆလင်ဟာ အယူမှားသူ တိတ္တိတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တည်မြဲနေဆဲပါပဲ” တဲ့။
ခရူးဆိတ်စစ်ပွဲအဆုံးသတ်သွားခြင်းဟာ မွတ်စလင်တွေ အတွက် လုံးဝဥဿုံအောင်ပွဲဆင်ခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်တွေ အတွက်တော့ လုံးဝဥဿုံ အရေးနိမ့်သွားခြင်းဖြစ်ပါတယ်။ ဒီလောက်ကြီးကျယ်တဲ့ အောင်မြင်မှုဟာ မွတ်စလင်တွေအတွက် ဆတက်ထမ်းပိုး ဖွံ့ဖြိုးတိုးတက်မှုတွေရရှိအောင် ဆက်လက် ကြံဆောင်ရမယ့်အစား အကြီးမားဆုံး ဆုတ်ယုတ်မှုတွေ ကိုသာ ဆက်လက်ဖြစ်ပေါ်စေခဲ့တာ တွေ့ရပါတယ်။ခရစ်ယာန်တွေဟာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့လင့်ကစား အရှုံးထဲကနေ အမြတ်ကြီးကြီးထွက်အောင် ကြံဆောင်နိုင်ခဲ့ ကြပါတယ်။ ဒါဟာဘာကြောင့်ပါလဲ။ မွတ်စလင်တွေဟာ သူတို့ရဲ့အောင်နိုင်မှုအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်ခဲ့ကြပါတယ်။

အောင်မြင်မှုကို အဲဒီလောက်နဲ့တင် ကျေနပ်ရောင့်ရဲတင်းတိမ်နေခဲ့ကြပြီး ရန်သူရဲ့ခြေလှမ်းတွေကို စောင့်ကြည့်ဖို့နဲ့ အမီလိုက်ဖို့ စိတ်မကူးခဲ့ကြပါဘူး။ အဲဒီဝမ်းမြောက်ခြင်းနဲ့ ကျေနပ်အားရဖြစ်နေခြင်းကိုက မွတ်စလင်တွေကို နှေးကွေးစေဖို့ လုံလောက်စေခဲ့ပါတယ်။ အပြီးတိုင် ပျက်သုဉ်းခြင်းမဖြစ်ပေမယ့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု မှန်သမျှကို ပိတ်ဆို့လိုက်သလိုပါပဲ။

အခုနပြောသလိုပဲ တစ်ဖက်မှာတော့ ခရစ်ယာန်တွေရဲ့ ဥရောပဟာ အရှုံးထဲကအမြတ်ထွက်ခဲ့ပါတယ်။ သူတို့ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ၊ သူတို့ကိုဘယ်အရာက နှောင့်နှေးစေခဲ့ရသလဲဆိုတာကို အသိသတိနဲ့ အရှိကို အရှိအတိုင်း ဆင်ခြင်သုံးသပ်ခဲ့ ကြတယ်။ သူတို့ရဲ့ ဆင်ခြင်တုံတရားဟာ ဘယ်တော့မှ လုပ်ဖို့မဖြစ်နိုင်တဲ့ ကိစ္စရပ်တွေကို အကောင်အထည်ဖော်ဖို့ လုံလောက်ခဲ့ပါတယ်။ အဲဒီထဲမှာ အာရဗီဘာသာစကားကို သင်ယူခြင်းလည်း အပါအ၀င်ပေါ့။ အဲဒီခေတ်ကာလမှာ အာရဗီ ဘာသာစကားဟာ မွတ်စလင်တွေရဲ့ ဘာသာစကားဖြစ်ပြီး လက်တင်ဘာသာစကားကတော့ ခရစ်ယာန်တွေရဲ့ ပညာရပ် ဆိုင်ရာ ဘာသာစကားဖြစ်ခဲ့ပါတယ်။ ဒီတော့ ခရစ်ယာန်တွေဟာ မွတ်စလင်တွေရဲ့ အရေးကြီး စာအုပ်မှန်သမျှကို အာရဗီကနေ လက်တင်ဘာသာစကားကို ကျယ်ကျယ်ပျံ့ပျံ့ ဘာသာပြန်ဆို ကြပါတော့တယ်။

မွတ်စလင်ပညာရှင်ကြီးတွေရဲ့စာအုပ်တော်တော်များများလည်း လက်တင်ဘာသာနဲ့ ပြန်ဆိုပြီးစီးသွားခဲ့ပါတယ်။ အဲဒီ ဘာသာပြန်ဆိုခြင်းလုပ်ငန်းစဉ်ဟာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ တယ်။ တစ်ဖက်မှာတော့ မွတ်စလင်တွေဟာ မိမိတို့ရဲ့အောင်မြင် မှုကို စားမြုံ့ပြန်နေဆဲ၊ ခွန်အားတွေကို ဖြုန်းတီးနေဆဲ။ လက်နက် ကိုင်စွဲ တိုက်ခိုက်တဲ့ ခရူးဆိတ်မဟုတ်ပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ ပညာရပ်ပိုင်းဆိုင်ရာ ခရူးဆိတ်စစ်ပွဲကိုတော့ ခရစ်ယာန်တွေက အမြဲမပြတ် ဆင်နွှဲခဲ့ကြတယ်။ သူတို့တတွေပေးဆပ်ခဲ့တဲ့ အချိန်တွေ၊ ခွန်အားတွေရဲ့ ကောင်းကျိုးရလဒ်ကတော့ ခေတ်ရှေ့ပြေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာ အထွေ အထူးပြောဖို့ မလိုတော့ပါဘူး။

ဥရောပဟာ အဲဒီပုံစံအတိုင်း ၁၈ ရာစုနှစ်တိုင်အောင် ခရီးဆက်ခဲ့တယ်။ အဲဒီအချိန်မှာတော့ဥရောပရဲ့ အောင်မြင်မှုနဲ့ ခေတ်ရှေ့ပြေးမှုတွေရဲ့ ဟိုးအဝေး အနောက်ဘက်မှာ မွတ်စလင်တွေ ကျန်ရစ်ခဲ့ပါပြီ။ အနောက်ဥရောပဟာ ကမ္ဘာကြီးကိုခေတ်သိပ္ပံနဲ့ နည်းပညာပိုင်းမှာ ဦးဆောင်နှင့်နေပါပြီ။ လက်မှုကို စက်မှုနဲ့ အစားထိုးလိုက်ပါပြီ။ လက်နဲ့ကိုင်ပြီး အနီးကပ် တိုက်ခိုက်ရတဲ့ ရှေးဟောင်း လက်နက်တွေကို တာဝေးပစ် ခေတ်သစ်လက်နက်ကိရိယာတွေနဲ့ အစားထိုးပြီးသွားပါပြီ။ အရင်ဆုံး ကုန်းမြေကို လွှမ်းမိုးပါတယ်။ အဲဒီနောက် ပင်လယ်ပြင်နဲ့ ဝေဟင်ကို စိုးမိုးပါတယ်။ လူသားနဲ့ တိရစ္ဆာန်တွေရဲ့ စွမ်းအားနေရာမှာ စက်ပစ္စည်းတွေ အစားထိုးလိုက်ပါပြီ။ ရေနွေးငွေ့နဲ့ပင်လယ်ကို ဖြတ်သန်းပြီး လေထက်လေးတဲ့အရာကို မြေပေါ်ကနေဆွဲခွာပြီး လေထဲပျံဝဲနိုင်အောင် ဖန်တီးနိုင်ခဲ့ပါပြီ။

အဲဒီလို ကုန်း၊ ရေ၊ လေ အင်အားတွေကို မွတ်စလင်တွေဟာ မိမိတို့ရဲ့ တည်ရှိမှုနဲ့ သံယဇာတတွေကို ဘယ်ပုံဘယ်နည်းနဲ့ ခုခံကာကွယ်ကြမလဲ။ ခေတ်မီပစ္စည်းပစ္စယတွေ အစုံအလင်ရှိနေတဲ့ အနောက်ဥရောပဟာ မွတ်စလင်ကမ္ဘာ ကို ထိုးဖောက်ဝင်ရောက်ပါတော့တယ်။ လေးကန်ထိုင်းမှိုင်းနေတဲ့ မွတ်စလင်တွေကတော့ အနောက်အုပ်စု ထိုးဖောက်ဝင်ရောက် လာတာကိုတောင် တားဆီးနိုင်စွမ်းမရှိတော့ပါဘူး။ အဲဒီမှာ အနောက်နိုင်ငံတွေဟာ မွတ်စလင်ကမ္ဘာကြီး တစ်ခုလုံးကို တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်၍ တစ်သွယ် လျင်လျင်မြန်မြန်ပဲ ထိမ်းချုပ်လိုက်ပါတော့တယ်။

ငြင်းဆန်တဲ့သဘောထား

ရာစုနှစ်တွေကုန်ဆုံးသွားခဲ့တာနဲ့အမျှ သိပ္ပံပညာရပ်မှာ မွတ်စလင်တွေဟာ နောက်ကျသထက်နောက်ကျပြီး ကျန်ရစ်နေခဲ့ ပါတယ်။ ခရူးဆိတ်မှာ နိုင်ငံရေးကဏ္ဍအရ အနိုင်ရခဲ့ပြီးနောက် ပညာအရာမှာ တင်းတိမ်ရောင့်ရဲခြင်းရဲ့ ရလဒ်ဆိုးပေါ့။ ဒီနေ့ခေတ်သစ်မှာတော့ အဲဒီလို ခေတ်နောက်ပြန်ဆွဲခြင်း သို့မဟုတ်ခေတ်နောက်ကျခြင်းဟာ နောက်ထပ် ပုံသဏ္ဌာန်တစ်မျိုးနဲ့ပေါ်ပေါက်လာခဲ့ပါပြီ။ ကိုလိုနီခေတ်ကာလမှာ အနောက်နိုင်ငံတွေ က မွတ်စလင်တွေကို နိုင်ငံရေးအရ ချုပ်ကိုင်ခဲ့ခြင်းကြောင့် မွတ်စလင်တွေဟာ ရန်သူတွေအပေါ် တူးတူးခါးခါး ဖြစ်ကုန်ကြပါတော့တယ်။ အနောက်နိုင်ငံတွေက မွတ်စလင်တွေရဲ့ဂုဏ်သိက္ခာကို လုယူသွားခဲ့တယ်၊ ဒါကြောင့်သူတို့ကိုမုန်းတယ်ပေါ့။ ဒီလိုအဆိုးမြင်တဲ့ စိတ်သဘောထားဟာ အနောက်နိုင်ငံတွေ အပေါ် မုန်းတီးရုံမျှမကဘဲ သူတို့ရဲ့ ဘာသာစကားနဲ့ သိပ္ပံပညာ ကိုပါ တစ်ပါတည်း မုန်းတီးလိုက်ကြပါတော့တယ်။

ဒီလိုငြင်းဆန်တဲ့ သဘောထားတွေဟာ ဒီနေ့ မွတ်စလင်လူထုကြားမှာ ကျန်ရှိနေသေးတာ တွေ့ရမှာပါ။ ကိုလိုနီခေတ်တစ်လျှောက်လုံး ရန်သူတွေကို တော်လှန်ရင်း၊ တော်လှန်ရင်းနဲ့ ရာစုနှစ်တစ်ခုလုံး အချည်းအနှီး သဲထဲရေသွန်ဖြစ်သွားခဲ့ပါပြီ။ အခုထက်ထိလည်း အနောက်နိုင်ငံတွေကို ရွံရှာ မုန်းတီးစိတ်နဲ့ မွတ်စလင်တွေက စစ်မျက်နှာဖွင့် တိုက်ခိုက်နေကြပါတယ်။ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ နည်းပညာ မယှဉ်နိုင်လေတော့ တိုက်တိုင်းမထူး ဖြစ်နေတော့တာပေါ့။

နောက်တစ်ဖက်မှာ ကြည့်မယ်ဆိုရင် တခြားသော နိုင်ငံတကာက အသိုင်းအ၀ိုင်း အုပ်စုတွေဟာ အနောက်တိုင်း ဘာသာစကားတွေနဲ့ သိပ္ပံပညာရပ်တွေကို အပတ်တကုတ် ကြိုးစားသင်ယူနေကြပါတယ်။ အဲဒီနည်းအားဖြင့် တခြားသော အသိုင်းအ၀ိုင်းအုပ်စုတွေနဲ့ မွတ်စလင်တွေအကြားမှာ နောက်ထပ် ကွက်လပ်ကြီးပေါ်ပေါက်လာကာ လိုက်မမီတော့ဘဲ ကွာဟမှုတွေ ဆက်လက်ဖြစ်ပေါ်လာတော့မှာပါ။ ဒါဟာရှောင်လွှဲလို့မရပါဘူး။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် အိန္ဒိယမှာလည်း တွေ့နေရပါပြီ။ ကွလ်ဒီးပ် နေယား (Kuldip Nayyer) က မွတ်စလင်တွေ ဟာ ဟိန္ဒူတွေနဲ့ ယှဉ်လိုက်ရင် ပညာရေးမှာ နှစ်ပေါင်း နှစ်ရာလောက် နောက်ကျနေတယ်လို့ ဝေဖန်ရေးသားခဲ့ပါတယ်။

နေယားရဲ့ မှန်းဆတွက်ချက်မှာ အလွန်အကျွံဖြစ်နေကြောင်း ကျနော်တို့ ခံစားသိရှိမိပေမယ့် မွတ်စလင်တွေဟာ (ဟိန္ဒူတွေနဲ့ မယှဉ်ရင်တောင်မှ) အနည်းဆုံး နှစ်ပေါင်း ၁၀၀ လောက်နောက်ကျနေတယ်ဆိုတာကိုတော့ ဆေးခါးကြီး သောက်ရသလို အောင့်အီးလက်ခံရပါလိမ့်မယ်။

အနောက်နိုင်ငံတွေက ပြုစုပျိုးထောင်တဲ့ သိပ္ပံပညာရပ် ဆိုတာ သာမန်ရိုးရှင်းတဲ့ သိပ္ပံပညာမဟုတ်ပါဘူး။ အဲဒီသိပ္ပံပညာ ရပ် တွေထဲမှာ ခေတ်သစ်ကမ္ဘာကိုဦးဆောင်မယ့် အခြေခံအုတ်မြစ် မျိုးစုံပါဝင်နေပါတယ်။ အဲဒါကိုက ဒီနေ့ခေတ်ရဲ့ အာဏာပါပဲ။ ဒါကြောင့်ပဲ အဲဒီသိပ္ပံပညာရပ်တွေကို လိုလားတဲ့ နိုင်ငံတွေဟာ တိုးတက်ကြတာပေါ့။ အနောက်နိုင်ငံတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေဟာ ယဉ်ကျေးမှုနဲ့ လူနေမှုအဆင့်အတန်း အရာမှာ မွတ်စလင်တွေထက် အစစအရာရာသာနေကြပါပြီ။

 
ယခင်လမှအဆက် –
 
မတူညီသည့်ရှုထောင့်များ
 
ဒီဘက်ခေတ်အစောပိုင်းကာလတွေမှာ မွတ်စလင်ပြုပြင်ပြောင်းလဲရေးဝါဒီတွေက ခေတ်သိပ္ပံနဲ့အနောက်တိုင်းပညာရေးကိုသင်ယူတတ်မြောက်ဖို့အတွက်မွတ်စလင်တွေကို အရေးတကြီးတိုက်တွန်းရန်လိုအပ်ကြောင်း သဘောပေါက်လာကြပါတယ်။ ပြုပြင်ပြောင်းလဲရေးဝါဒီအများစုက ကုရ်အာန်ကျမ်းမြတ်အပြင် တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ရဲ့ မိန့်မှာချက်တွေကို ကိုးကားပြီး သူတို့ရှုထောင့်ကနေ (အိလ်မ်) ပညာရေးအရေးကြီးပုံကို ထောက်ပြလာကြပါတယ်။ ဒီထောက်ပြမှုတွေဟာ အငြင်းအခုံအဖြစ်အသွင်ပြောင်းသွားပြီး ဘာသာရေးပညာရှင်တွေနဲ့ ခေတ်ပညာရှင်တွေအကြား မုန်တိုင်းတစ်ခုအလားဝင်ရောက်မွှေနှောက်ပါတော့တယ်။
 
အဲဒီအတွေးအခေါ်ပြန်လည်အသက်ဝင်လာတဲ့ ဒီဘက်ခေတ်အစောပိုင်းကာလမှာ ဘာသာရေးပညာရှင်အများစုက ပညာရေးနဲ့သက်ဆိုင်တဲ့ ကုရ်အာန်အာယတ်နဲ့ တမန်တော်မြတ်မိန့်မှာချက်တွေဟာ အိလ်မ်၊ သာသနာ့ပညာကို အသားပေးအလေးထားခြင်းဖြစ်ကြောင်း၊ ခေတ်သိပ္ပံဟာ ရုပ်ဝါဒကိုအားပေးအားမြှောက်လုပ်တာကြောင့် အဲဒီမိန့်မှာချက်တွေနဲ့ မသက်ဆိုင်ကြောင်းကိုင်စွဲထားကြပါတယ်။ မွတ်စလင်ပြုပြင်ပြောင်းလဲရေးဝါဒီတွေကတော့ အဲဒီအာယတ်တွေမိန့်မှာချက်တွေဟာ ခေတ်ပညာနဲ့ ဘာသာရေးပညာနှစ်ခုစလုံးကို ညွှန်းဆိုခြင်းဖြစ်ကြောင်း ကိုင်စွဲထားကြပြန်တယ်။ ဒီအငြင်းပွားမှုဟာ လွန်ခဲ့တဲ့ ရာစုနှစ်တစ်စုကစတင်ခဲ့ပြီး အခုအချိန်ထိအောင် အကျေအလည် ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။
 
တကယ်တမ်းပြောရမယ်ဆိုရင် ကုရ်အာန်၊ ဟဒီးဆ်မှာလာရှိတဲ့ ပညာရေးနဲ့သက်ဆိုင်တဲ့မိန့်မှာချက်တွေဟာ ခေတ်ပညာရော၊ သာသနာ့ပညာနဲ့ပါဆက်စပ်မှုရှိနေပါတယ်။ တစ်အုပ်စုက အဲဒီအမိန့်တွေကို သာသာနာ့ပညာရပ်အတွက်ဆွဲယူသည်ဖြစ်စေ၊ နောက်တစ်အုပ်စုက စီကျူလာ ခေတ်ပညာရပ်အတွက်ဆွဲယူအသုံးပြုသည်ဖြစ်စေ၊ ဒါပြဿနာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေတ်သိပ္ပံရဲ့အရေးပါမှုက ငြင်းပယ်လို့မှမရဘဲကိုး။ ဒီလိုအမြင်ကွဲတဲ့အတွေးအခေါ်တွေဟာ ပြင်းထန်တဲ့အငြင်းပွားမှုတွေကို ဦးတည်တယ်ဆိုပေမယ့် အဲဒီကနေတစ်ဆင့်ထွက်ပေါ်လာတဲ့အဖြေတွေကို ကိုယ်လိုရာဘက်ယိမ်းပြီးလက်ခံတဲ့မွတ်စလင်တိုင်းအတွက် အရေးပါပြီးအကျိုးရှိနေဖို့အရေးကြီးပါတယ်။
 
အောက်ပါအာယတ်တော်ကိုဖတ်ကြည့်ခြင်းအားဖြင့် ခေတ်သိပ္ပံကိုသင်ယူတတ်မြောက်ဖို့အရေးကြီးကြောင်းထောက်ခံထားရုံသာမက အဲဒီလိုသင်ယူဖို့အတွက် မွတ်စလင်တိုင်းမှာတာဝန်ရှိကြောင်းကိုလည်း ထင်ရှားစွာသိမြင်ရပါလိမ့်မယ်။
 
ထို့ပြင်အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့်ပြိုင်ဆိုင်(တိုက်ခိုက်)ရန်အလို့ငှာ မိမိတို့တတ်စွမ်းသမျှ (လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊ မွေးမြူထားသောမြင်းများကိုလည်းကောင်း၊ အဆင်သင့်စုဆောင်း၍ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့ အပြင်အခြားအကြင်သူတို့ကိုလည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ (လက်ရပစ္စည်းများကဏ္ဍ – ၈း၆၀)
 
အလ္လာဟ်အရှင်မြတ်က ကျနော်တို့ကိုအင်အားတောင့်တင်းခိုင်မာအောင်ပြုလုပ်ဖို့ရာ အမိန့်ပေးထားပါတယ်။ ဒါမှသာ ပြိုင်ဘက်အုပ်စုတွေ ရန်သူအုပ်စုတွေက ရှိန်မှာဖြစ်ပါတယ်။ ဒီအာယတ်တော်ထဲမှာ မိန့်ကြားထားတဲ့ “အင်အား” ရဲ့ဆိုလိုရှင်းကတော့ သက်ဆိုင်ရာခေတ်ကာလအလိုက် ပိုင်ဆိုင်တဲ့၊ ရရှိနိုင်တဲ့ ရင်းမြစ်တွေအပေါ်မှာ မူတည်ပါတယ်။ ဒီအာယတ်တော်ချပေးသနားခြင်းခံရစဉ်အချိန်က အင်အားဆိုတာ အဓိပ္ပာယ်တစ်မျိုးသက်ရောက်မှာဖြစ်ပြီး သက်ဆိုင်ရာခေတ်အလိုက် အင်အားရဲ့ အဓိပ္ပာယ်သက်ရောက်မှုဟာ ပစ္စည်းသို့မဟုတ် လက်နက်ကိရိယာများ၊ အတွေးအခေါ်အိုင်ဒီယာများ သို့မဟုတ် အဲဒီနှစ်ခုလုံးလည်း အကြုံးဝင်ကောင်းဝင်ပါလိမ့်မယ်။
 
လက်ရှိခေတ်အခါသမယမှာ ခေတ်သိပ္ပံသင်ယူဆည်းပူးခြင်းဟာ အရေးပါသောအင်အားတစ်ခုဖြစ်တယ်ဆိုတာကို မငြင်းနိုင်ပါဘူး။ ဒီနေ့ခေတ်မှာ အင်အားတောင့်တင်းပါတယ်ဆိုတဲ့နိုင်ငံတွေကိုကြည့်လိုက်ရင် သိပ္ပံနဲ့ နည်းပညာမှာ အခြားနိုင်ငံတွေထက် တိုးတက်ပြီး အရှေ့ရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံက တခြားနိုင်ငံတစ်နိုင်ငံထက် အင်အားတောင့်တင်းရခြင်းဟာ သိပ္ပံပညာကိုကျယ်ပျံ့စွာအားပေးအားမြှောက်ပြုတဲ့အကျိုးရလဒ်ကြောင့်ဆိုတဲ့အချက်ကို ကျနော်တို့အနေနဲ့ လက်တွေ့ကျကျတွေးခေါ်ပြီး လက်သင့်ခံရမှာဖြစ်ပါတယ်။
 
ပညာရေးနဲ့သက်ဆိုင်တဲ့အာယတ်တော်တွေက သိပ္ပံပညာသင်ယူဖို့ကို ရှင်းရှင်းလင်းလင်းမီးမောင်ထိုးပြထားခြင်းမရှိဘူးဆိုရင်လည်း အာဏာ သို့မဟုတ် အင်အားနဲ့သက်ဆိုင်တဲ့အာယတ်တော်တွေက သိပ္ပံရဲ့အရေးကြီးပုံကို ငြင်းမရအောင်ရှင်းရှင်းလင်းလင်းကြီးမိန့်ကြားထားတာကိုလက်ခံရပါလိမ့်မယ်။
 
မည်သို့ပင်ဆိုစေကာမူ ပညာရေးနဲ့သက်ဆိုင်တဲ့အာယတ်တော်ဖြစ်ဖြစ်၊ အာဏာသို့မဟုတ်အင်အားနဲ့ သက်ဆိုင်တဲ့အာယတ်တော်ပဲဖြစ်ဖြစ်၊ ဘယ်အာယတ်တော်ရဲ့အမြော်အမြင်ကိုမဆို နာယူသည်ဖြစ်ပါစေ၊ မွတ်စလင်အသိုင်းအ၀ိုင်းထဲမှာ သိပ္ပံပညာသင်ယူတတ်မြောက်ရေး၊ သိပ္ပံအသိပညာတိုးတက်မြင့်မားလာရေးဟာ မွတ်စလင်တိုင်းအပေါ်မှာ တာဝန်ရှိကြောင်း လယ်ပြင်မှာဆင်သွားသလိုထင်ရှားနေပါပြီ။
 
မူရင်း – Indian Muslims (The Need For A Positive Outlook) By Maulana Wahiduddin Khan
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE