ရှောင်လေဝေးဝေး ဒေါသဘေး

ကဏ္ဍ – Hadith

လူတို့အား လှဲချအနိုင်ယူနိုင်သူသည် သူရဲကောင်း စစ်စစ်မဟုတ်၊ စစ်မှန်သည့်သူရဲကောင်းဟူသည် ဒေါသထွက်နေချိန်၌ မိမိဒေါသကို မျိုသိပ်နိုင်သူဖြစ်သည်။

ကျနော်တို့ပတ်ဝန်းကျင်၌ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသည့် အမှုကိစ္စများ၏ ထက်ဝက်ခန့်မှာ ဒေါသလွန်ကဲခြင်းကြောင့်ဖြစ်သည်။ မိမိစိတ်နှင့်မတိုက်ဆိုင်သည့် ကိစ္စရပ်များနှင့် ကြုံရဆုံရသည့်အခါ ဒေါသထွက်လာခြင်းမှာ ဖျောက်ဖျက်၍မရသော လူ့သဘာဝဖြစ်သည်။ သို့သော် အစ္စလာမ်သာသနာသည် အခြေအနေတိုင်း၌ လမ်းညွှန်ချက်များရှိသည်နှင့်အညီ ဒေါသထွက်သည့်အချိန်တွင်လည်း ဆောင်ရန်ရှောင်ရန်ကိစ္စများကို ပြဋ္ဌာန်းထားပါသည်။

အရဗီစကားပုံတစ်ခုရှိ၏။

“ဒေါသ၏အစမှာ ရူးသွပ်ခြင်းဖြစ်ပြီး နိဂုံးမှာ အရှက်ရခြင်းဖြစ်သည်“

မှန်သည်။ ဒေါသထွက်ပြီဆိုလျှင် ဦးနှောက်နှင့် နှလုံးသားသည် ပုံမှန်အခြေအနေ၌ မရှိတော့ဘဲ စဉ်းစားဆင်ခြင်နိုင်မှု ကုန်ဆုံးသွားပြီး စိတ်လိုက်မာန်ပါ ကျူးလွန်လိုက်မိလေ့ရှိသည်။ ဒေါသပျက်ပြယ်သွားသောအခါမှ မိမိကျူးလွန်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်ပြီး နောင်တရကာ အရှက်တကွဲအကျိုးနည်းဖြစ်ရသည်။

ထို့ကြောင့် မြတ်တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤသို့ မိန့်ခဲ့ခြင်းဖြစ်၏။

“အသင်တို့ထဲမှ တစ်ဦးတစ်ယောက် မတ်တပ်ရပ်နေသည့်အချိန် ဒေါသထွက်လာပါက ထိုင်ချလိုက်ပါ။ ထိုင်ပြီးနောက်လည်း ဒေါသမကုန်ပါက လှဲလျောင်းလိုက်ပါ“

နောက်ထပ်ဟဒီးဆ်တော်များမှာလည်း တမန်တော်မြတ်က ဒေါသထွက်နေသည့်အချိန် တိတ်တိတ်နေရန်၊ ဒေါသထွက်ပါက ၀ုဇူပြုလုပ်ရန်၊ ဒေါသထွက်နေချိန် မည်သည့်ဆုံးဖြတ်ချက်မျှ မချရန်တိုက်တွန်းထားသည်။

ဒေါသထွက်နေချိန် ဆုံးဖြတ်လိုက်သောကိစ္စများ၊ ပြောလိုက်သောစကားများသည် နောင်တစ်ချိန်တွင် နောင်တနှင့် အရှက်ရစရာဖြစ်သည်။ မိမိရင်းနှီးသူများနှင့် တစ်ခါတစ်ရံစိတ်သဘောထားမတိုက်ဆိုင်သည့်အချိန် ဒေါသထွက်ပြီး ပြောထည့်လိုက်သောစကားများက ဒေါသပျောက်သွားခါမှ ထိုသူများနှင့် မျက်နှာချင်းဆိုင်ဖို့တောင် ခက်နေလေ့ရှိသည်။ မျက်နှာပူရသည်။

လင်မယားရန်ဖြစ်နေရင်း ဒေါသထွက်လာသည့်အခါ လက်လွန်ခြေလွန်ဖြစ်တတ်သည်။ ရလဒ်ကဆိုးရွားလှသည်။ အိမ်ထောင်ကွဲရသည်။ ကလေးများမျက်နှာငယ်ရသည်။ နှစ်ဖက်မိဘလူကြီးများ စိတ်မကောင်းဖြစ်ရသည်။ ဒေါသသည် လူကို ဘယ်သောအခါမှ အကျိုးပေးခဲ့သည်ဟူ၍မရှိ။ ဆိုးကျိုးသာပေးသည်။

လူမှုပတ်ဝန်းကျင်တွင်လည်း ဒေါသကြောင့်အသက်ဆုံးရှုံးရသည့် ရာဇ၀တ်မှုများဖြစ်သည်။ ဒဏ်ရာအနာတရများ ရတတ်သည်။ ရုံးရောက်ဂတ်ရောက်ဖြစ်ရသည်။ တစ်မျိုးလုံး တစ်ရပ်ကွက်လုံး စိတ်ညစ်ရသည်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များ၊ ဂုဏ်ရှိန်ဂုဏ်ဝါကြီးမားသူများ ဟောသည့်ပြောသည့်အခါ သို့မဟုတ် အင်တာဗျူးများဖြေသည့်အခါ ဒေါသမထွက်ဖို့ ပညာရှိအမျက် အပြင်မထွက်ဖို့ လိုသည်။ ချောင်ပိတ်အခြေအနေများ၊ ချောင်ပိတ်မေးခွန်းများနှင့် ဆုံရသည်ဆိုလျင်လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ အရေးကြီး၏။ ဒေါသထွက်ပြီးတုံ့ပြန်လိုက်ပါက နောက်ဆက်တွဲပေးဆပ်ရမည့် အကျိုးဆက်များမှာ ကြီးမားလှ၏။

သွေးတိုး၊ ဆီချို ဝေဒနာရှင်များ ဒေါသလွန်ကဲပါက အရူးတစ်ပိုင်းလိုဖြစ်နေတတ်သည်။ မိမိအခြေအနေကို မိမိကိုယ်တိုင်မရိပ်မိနိုင်သော်လည်း ပတ်ဝန်းကျင်က ကိုယ့်ကိုအရူးတစ်ယောက်လို ဆက်ဆံခြင်းခံရတတ်သည်။ ဆီးချို၊ သွေးတိုးများ ဆောင့်တတ်ပြီး ကျန်းမာရေးပိုဆိုးတတ်သည်။ စိတ်ဖိစီးမှုများပိုများလာမည်။ ယခုလိုနွေရာသီဆိုလျင် ပိုဆိုးသည်။ စကားတစ်ခွန်းမှားသည်နှင့် တစ်ဖက်လူကိုအဆုံးစီရင်လိုက်ချင်ကြသည်။ ကားပါကင်နေရာပျောက်သည်နှင့် ဆဲဆိုချင်လာသည်။ ဇနီးနှင့်သားသမီးများ မိမိရှေ့တွေကန့်လန့်တစ်ခုခုလုပ်ပါက လက်တွေခြေတွေပါလာတတတ်သည်။ ဒေါသသည်လူကို ဒုက္ခနှင့်စိတ်ဆင်းရဲခြင်းများသာပေးသည်။

Female fists clenched on a wooden table in anger

ဒေါသကိုမျိုချလိုက်ခြင်းအားဖြင့် မိမိအစာအိမ်ထိခိုက်သွားမည်မဟုတ်ပါ။ မိမိအိမ်နှင့် ပတ်ဝန်းကျင်သာယာလှပဖို့၊ ကြည်နူးစရာအိမ်ထောင်ရေးတစ်ခုတည်ဆောက်နိုင်ဖို့အတွက် လူ့သဘာဝအရထွက်ပေါ်လာသည့် ဒေါသကိုမျိုသိပ်နိုင်ဖို့ အင်မတန်အရေးကြီးပါသည်။

(M.အောင်မြတ်ဦး)

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1