မေတ္တာရှင် ပန်းသီးပင်ကြီး

ကဏ္ဍ – Story
မောင်လေးညီမလေးတို့ရေ…
ပုံပြင်လေးကို စောင့်ရင်းပျင်းနေကြပြီလားကွဲ့။ ဒီတစ်ခါတော့ မောင်လေးညီမလေးတို့ကို ဧရာမအပင်ကြီးတစ်ပင်အကြောင်း မမပြောပြချင်တယ်။
ဟိုးရှေးရှေးတုန်းက အရမ်းအရမ်းကိုကြီးမားတဲ့ ဧရာမပန်းသီးပင်ကြီးတစ်ပင်ရှိတယ်။ ကောင်လေးတစ်ယောက်ဟာ အဲဒီဧရာမအပင်ကြီးနားမှာ နေ့တိုင်းနေ့တိုင်းလာပြီး ဆော့ကစားလေ့ရှိသတဲ့။ ကောင်လေးက အပင်ကြီးရဲ့ ဟိုးထိပ်ဆုံးထိတက်ပြီး ပန်းသီးတွေခူးစားတတ်တယ်။ ပန်းသီးတွေခူးစားပြီးရင် အပင်ကြီးရဲ့အရိပ်အောက်မှာ တရေးတမောအိပ်သေးသတဲ့ကွယ်။ ကောင်လေးက အပင်ကြီးကိုသိပ်ချစ်သလို အပင်ကြီးကလည်း ကောင်လေးသူ့ဆီလာကစားတာကို ပျော်နေတယ်။ ဒီလိုနဲ့အချိန်တွေကြာလာတော့ ကောင်လေးဟာ ဆယ်ကျော်သက်အရွယ်ရောက်လာတယ်။ အပင်ကြီးနားမှာလည်း လုံးဝမသွားမကစားတော့ဘူးပေါ့။
တစ်နေ့တော့ ဆယ်ကျော်သက်လူငယ်လေးဟာ အပင်ကြီးဆီတစ်ခေါက်ပြန်ရောက်လာတယ်။ သူရောက်တဲ့အချိန်မှာ အပင်ကြီးကိုကြည့်ရတာဝမ်းနည်းနေပုံပေါက်နေတယ်။ အပင်ကြီးက “ငါနဲ့လာကစားပါဦး” လို့ပြောတော့ ဆယ်ကျော်သက်အရွယ်ရောက်နေပြီဖြစ်တဲ့ ကောင်လေးက “ငါကအရင်လို အပင်ကြီးနားမှာ ပြေးလွှားဆော့ကစားရမယ့် ကလေးလေးမဟုတ်တော့ဘူး။ အခုငါ့အတွက် နောက်ဆုံးပေါ် ခေတ်မှီပစ္စည်းတွေနဲ့ အဲဒါတွေကိုဝယ်ဖို့ငွေပဲလိုတယ်” လို့ ပြန်ဖြေလိုက်တယ်။
အပင်ကြီးက “စိတ်မကောင်းပါဘူးကောင်လေးရယ်။ ငါ့မှာပိုက်ဆံတော့မရှိဘူး။ ဒါပေမဲ့ ငါ့မှာသီးနေတဲ့ ပန်းသီးတွေအားလုံးကိုခူးရောင်းလိုက်ရင် မင်းအတွက်ပိုက်ဆံတွေရလာလိမ့်မယ်” လို့ အကြံပေးလိုက်တယ်။
ဒီစကားကိုကြားတော့ ကောင်လေးအရမ်းကိုစိတ်လှုပ်ရှားသွားပြီး အပင်ကြီးဆီက ပန်းသီးတွေအားလုံးခူးပြီး ပျော်ရွှင်စွာနဲ့ ပြန်ထွက်သွားတော့တယ်။ ပန်းသီးတွေခူးသွားပြီးနောက်ပိုင်း အပင်ကြီးဆီနောက်တစ်ခေါက်ပြန်ရောက်မလာတော့ အပင်ကြီးခမျာ နောက်တစ်ကြိမ် ၀မ်းနည်းပြီး ကျန်ရစ်ခဲ့ရှာတာပေါ့ကွယ်။ ဒီလိုနဲ့ နောက်ထပ်နှစ်တွေများစွာကြာတော့မှ ကောင်လေးဟာ လူကြီးတစ်ယောက်အဖြစ်နဲပ ပြန်ရောက်လာပြန်တယ်။ ဒီတော့လည်း အပင်ကြီးက ၀မ်းသာပျော်ရွှင်ရတာပေါ့။
“ငါ့ဆီလာကစားပါဦး” လို့အပင်ကြီးက တောင်းဆိုလိုက်တယ်။
လူကြီးဖြစ်နေတဲ့ တစ်ချိန်ကကောင်လေးက “ငါ့မှာကစားဖို့အွက်အချိန်မရှိဘူး။ ငါ့ဇနီးနဲ့ကလေးတွေအတွက် အလုပ်လုပ်ရမယ်။ အခုငါတို့နေဖို့ အိမ်တစ်လုံးလိုနေတယ်။ အဲဒါမင်းကူညီနိုင်မလား” လို့ ပြောတော့ အပင်ကြီးက “စိတ်မကောင်းပါဘူးကွာ။ ငါ့မှာအိမ်တော့ဘယ်ရှိပါ့မလဲ။ ဒါပေမဲ့ ငါ့ရဲ့အကိုင်းတွေခုတ်ပြီး မင်းအိမ်ဆောက်တဲ့နေရာမှာ သုံးလိုက်လေ” လို့အကြံပြုလိုက်တယ်။
ဒီတော့ လူကြီးက ပန်းသီးပင်ကြီးရဲ့အကိုင်းတွေအားလုံးကို ခုတ်ပြီးတော့ ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်ခွာသွားတယ်။ အပင်ကြီးလည်း ကောင်လေးပျော်ရွှင်နေတာကိုကြည့်ပြီး ၀မ်းသာနေရှာတာပေါ့ကွယ်။ ဒါပေမဲ့ နောက်နှစ်တွေအတော်ကြာတဲ့အထိ လူကြီးဟာ သစ်ပင်ကြီးဆီကို ပြန်ရောက်မလာခဲ့ဘူး။ အပင်ကြီးခမျာ နောက်တစ်ကြိမ် ၀မ်းနည်း အားငယ်နေရှာတော့တာပေါ့။ ဒီလိုနဲ့ အရမ်းပူပြင်းတဲ့နွေရာသီတစ်ရက်မှာ လူကြီးဟာ အပင်ကြီးဆီရောက်ချလာတယ်။ အပင်ကြီးခမျာ ပြောမပြတတ်အောင် သာယာကြည်နူးနေရှာတယ်။
“ငါ့ဆီလာကစားလှည့်ပါဦး”
“အခုငါအသက် ၅၀ ပြည့်တော့မယ်။ ငါ့ရဲ့အားလပ်ရပ်တွေမှာ အပန်းဖြေတဲ့အနေနဲ့ရွက်လွှင့်ချင်တယ်။ ငါ့ကိုလှေတစ်စင်းလောက်ပေးနိုင်မလား”
“ငါ့ရဲ့ပင်စည်ကိုသုံးပြီး လှေဆောက်လိုက်လေ။ အဲဒီလှေနဲ့ အဝေးကြီးကို ပျော်ရွှင်စွာရွက်လွှင့်နိုင်မှာပါ” လို့ ပန်းသီးပင်ကြီးက ပြန်ဖြေလိုက်တယ်။ ဒီစကားလည်းကြားရော အဘိုးကြီးက ပန်းသီးပင်ကြီးရဲ့ပင်စည်ကို အရင်းကနေ ဖြတ်ပြီး လှေဆောက်ဖို့အတွက် ယူသွားပါတော့တယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းအချိန်အတော်ကြာတဲ့အထိ ပေါ်မလာပြန်ဘူးပေါ့ကွယ်။
နောက်ထပ်နှစ်တွေအတော်ကြာတော့မှ တစ်ခေါက်ပြန်ရောက်လာတော့ သစ်ပင်ကြီးက “စိတ်မကောင်းပါဘူးကွာ။ ငါ့မှာမင်းကိုထပ်ပေးစရာ ဘာမှမကျန်တော့ဘူး။ ပန်းသီးတွေလည်းမရှိတော့ဘူး” လို့ ပြောတော့ အဘိုးကြီးက “ပြဿနာမရှိပါဘူး။ ငါ့မှာပန်းသီးကိုက်ဖို့ သွားတွေမရှိတော့ဘူး” လို့ ပြန်ဖြေလိုက်တယ်။
“နောက်ထပ် မင်းဖက်တွယ်ပြီးတက်လို့ရမယ့် ပင်စည်အကိုင်းတွေလည်းမရှိတော့ဘူး”
“အဲဒီလိုအပင်ပေါ်တွယ်တက်ဖို့အတွက်လည်း မသင့်တော်တော့ပါဘူး။ ငါ့အသက်အရမ်းကြီးနေပြီ”
အပင်ကြီးက “ငါ့မှာမင်းအတွက်အမှန်တကယ်ကို ပေးစရာဘာမှမကျန်တော့လို့ပါ။ မင်းလိုချင်တယ်ဆိုရင်တော့ ငါ့ရဲ့သေခါနီးနေတဲ့ အမြစ်တွေပဲကျန်တော့တယ်။ အဲဒါတွေသာယူသွားပါတော့” လို့ အပင်ကြီးက မျက်ရည်လည်ရွဲနဲ့ ဆိုသတဲ့။ အဘိုးကြီးက “အခုငါ့အတွက်အများကြီးမလိုတော့ပါဘူး။ လွန်ခဲ့တဲ့နှစ်ကာလတွေတစ်လျှောက်လုံး အရမ်းပင်ပန်းခဲ့ပြီလေ။ ငါ့အတွက် အနားယူစရာနေရာတစ်ခုပဲလိုချင်တော့တယ်” လို့ ဖြေရင်း ဖြတ်ခနဲအကြံတစ်ခုပေါ်လာတယ်။
“ဟာ အရမ်းကောင်းတာပဲ။ အပင်အိုကြီးရဲ့အမြစ်တွေက အနားယူဖို့အကောင်းဆုံးပေါ့” လို့ ဆိုသတဲ့။ အပင်အိုကြီးခမျာ “လာပါလာပါ၊ ငါ့အနားမှာလာထိုင်ပြီး အနားယူလှည်ပါလို့” ဆိုပြီး ကြင်ကြင်နာနာရွေရွတ်နေရှာတယ်။ အဘိုးကြီးဟာ သူ့ရဲ့အားအင်ချိနဲ့နေတဲ့ ခန္ဓာကိုယ်ကို မြက်ခင်းပေါ်က ပင်စည်ငုတ်တို အပြတ်ကြီးပေါ်မှာ ထိုင်ချလိုက်တယ်။ အပင်ကြီးခမျာ ဒီအဖြစ်ကိုကြည့်ပြီး မျက်ရည်တွေကြားက ပြုံးနေရှာပါတော့တယ်။
ကဲ… မောင်လေးညီမလေးတို့ရေ။ တကယ်တော့ ဒီပုံပြင်ထဲက ပန်းသီးပင်ကြီးဟာ မမတို့အားလုံးရဲ့ မိဘတွေလိုပဲကွဲ့။ မမတို့တတွေဟာ ငယ်စဉ်ကလေးဘ၀မှာ ဖေဖေ၊ မေမေတို့နဲ့ ပျော်ရွှင်စွာကစားခဲ့ကြတယ်။ အရွယ်ရောက်လာတော့ မိဘတွေဆီကခွဲထွက်ပြီး တစ်ခုခုလိုအပ်တဲ့အချိန် ဒါမှမဟုတ် မမတို့ကိုယ်တိုင်ဒုက္ခရောက်နေချိန်ရောက်မှ မိဘတွေဆီပြန်သွားကြတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်ပဲဖြစ်ပါစေ၊ မမတို့ရဲ့မိဘတွေက မမတို့ပျော်ရွှင်နေတာကို မြင်ရဖို့အတွက် သူတို့ပေးနိုင်တာမှန်သမျှ ပေးလိုက်ကြတာပဲမဟုတ်လား။ မောင်လေးညီမလေးတို့ အခုပုံပြင်ထဲက ပန်းသီးပင်ကြီးအပေါ်မှာ ကောင်လေးရဲ့လုပ်ရပ်တွေက ရက်စက်လိုက်တာလို့ တွေးနေကြတယ်မဟုတ်လား။ တကယ်တော့ မမတို့ သားသမီးတွေဟာ ကိုယ်တိုင်သတိမထားမိဘဲ မိဘတွေအပေါ်မှာ အဲဒီလိုပုံစံမျိုး ဆက်ဆံနေမိကြတာကွဲ့။ မမတို့ဟာ မိဘတွေ ကိုယ့်အပေါ် ပေးဆပ်ခဲ့တဲ့အရာတွေကို မျက်ကွယ်ပြု လျစ်လျူရှုခဲ့မိတာတွေအတွက် အချိန်မနှောင်းခင် ခွင့်လွှတ်ဖို့တောင်းဆိုကြမယ်နော်။
ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာလည်း အလ္လာဟ်အရှင်မြတ်သခင်က အခုလိုမိန့်ကြားထားတယ်။
စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့) အမိန့်တော်စီရင်ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတပါးအခြားကို ခ၀ပ်ကိုးကွယ်ရှိခိုးပူဇော်ခြင်းအလျှင်းမပြုကြရပေ။ ၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သင်္ဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးသီးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင်၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့်အိုမင်းခြင်းသို့ ရောက်ရှိလတ်သော် အသင်သည် ထိုမိဘနှစ်ပါးအား “အို” ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး (နှင့် စကားပြောဆိုသောအခါ ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။ (အီစ်ရာအီလီမျိုးနွယ်ကဏ္ဍ – ၁၇း၂၃)
၎င်းအပြင်အသင်သည် ထိုမိဘနှစ်ပါး၏ရှေ့မှောက်တွင် ၎င်းတို့အပေါ်၌ ကရုဏာတရားထားရှိသောအားဖြင့် ကျိုးနွံ့စွာရှိပါလေ။ ထို့ပြင်အသင်သည် (ထိုမိဘနှစ်ပါးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အထံတော်၌) အို – ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည် ကျွန်တော်မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘ၀၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါ လေ။ (အီစ်ရာအီလီမျိုးနွယ်ကဏ္ဍ – ၁၇း၂၄)
(K.နိုက်တင်ဂေးလ်ရေးသည်)
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –