အစ္စလာမ်ကပြောတဲ့ တိရစ္ဆာန်အခွင့်အရေး

ကဏ္ဍ – Spiritual

G.T.I ကျော်မင်းနိုင် (မြေနီကုန်း)

အစ္စလာမ်ရဲ့အေးမြတဲ့ဆာယာအရိပ်ကို စကားပြောတတ်တ့လူသားတင်မက စကားမပြောတတ်တဲ့တိရစ္ဆာန်တွေပါ ခိုလှုံမှုရပါတယ်။ လူသားတွေနဖူးစာဆိုးလာပြီဆိုရင် အတောမသတ်နိုင်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ နိုင်ထက်စီးနင်းမှုတွေလုပ်လာကြတော့တယ်။ စကားမပြောတတ်တဲ့ တိရစ္ဆာန်တွေကိုပါအလွှတ်မပေးတတ်ကြဘူး။ အစ္စလာမ်မတိုင်မီ အရဗ်ကမ္ဘာမှာ အရဗ်တွေဟာ တိရစ္ဆာန်တွေကိုမှီခိုအားထားပြီး အသက်နေခဲ့ရတယ်။ တိရစ္ဆာန်နိုင်ကိုသောက်၊ သူ့ကျောပေါ်စီးနင်း၊ အလေးအပင်သယ်ဆောင်မှုတွေကို တိရစ္ဆာန်တွေကိုပဲခိုင်းနေခဲ့ရတယ်။ ကူးသန်းရောင်းဝယ်မှုမှာလည်း တိရစ္ဆာန်တွေကိုပဲ အားကိုးခဲ့ရတယ်။ ဒီလောက်အရေးပါတဲ့ တိရစ္ဆာန်တွေနဲ့ ဆက်ဆံတာကြတော့ ကြင်နာမှုကင်းမာစွာနဲ့ ရက်စက်ကြမ်းကြုတ်ခဲ့ကြတယ်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အခုလိုလူမဆန်တဲ့လုပ်ရပ်တွေကို တားမြစ်ခဲ့တယ်။ တိရစ္ဆာန်ရဲ့မျက်နှာကိုမရိုက်ရဘူးလို့ မိန့်ခဲ့တယ်။ တိရစ္ဆာန်တွေကို တိုက်ပြီးပွဲထိုင်ကြည့်တာကို ရက်စက်မှုဆိုပြီး တားမြစ်ခဲ့တယ်။ အစာရေစာလုံလုံလောက်လောက်ကျွေးမွေးခိုင်းတယ်။ ကုလားအုတ်တစ်ကောင်ရဲ့ ဝမ်းဗိုက်က ကျောနဲ့ကပ်နေလို့ ဒီတိရစ္ဆာန်နဲ့ပတ်သက်ပြီး အလ္လာဟ်ကိုကြောက်ပါလို့ မိန့်ခဲ့တယ်။ ကုလားအုတ်တစ်ကောင်က သူ့သခင်နဲ့ပတ်သက်ပြီး တမန်တော်ကို တိုင်တန်းခဲ့တဲ့ မုအ်ဂျိဇဟ်တန်ခိုးတော်လည်းဖြစ်ခဲ့တယ်။ တမန်တော်မြတ်က သခင်ကိုသတိပေးခဲ့တယ်။ စိမ်းလန်းစိုပြေတဲ့ရာသီမှာခရီးသွားရင် တိရစ္ဆာန်အကျိုးခံစားဖို့ ဖြေးဖြေးခရီးနှင့်ပါ၊ ခြောက်သွေ့တဲ့ရာသီမှာဆို အပြင်းနှင်ပါလို့ မိန့်တော်မူခဲ့တယ်။ တိရစ္ဆာန်ကိုသူနဲ့သင့်တော်တဲ့အလုပ်ကိုပဲခိုင်းပါ၊ အမှီမပြုလုပ်ရလို့ မိန့်ခဲ့ပါသေးတယ်။ သဘောက တိရစ္ဆာန်အပေါ် မတ်တပ်ရပ်ပြီး သို့မဟုတ် ထိုင်ပြီးတရားမဟောနဲ့ ဆိုတဲ့သဘောပါ။ တမန်တော်မြတ်က မိန့်တော်မူတယ်။ နွားတစ်ကောင်အပေါ် လူတစ်ယောက်တက်စီးပြီး သွားနေတယ်။ အဲဒီအခါအလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ နွားက ငါ့ကိုဒီအလုပ်အတွက်ဖန်ဆင်းထားတာ မဟုတ်ဘူးလို့ ပြန်ပြောခဲ့တယ်တဲ့။

တိရစ္ဆာန်တွေနဲ့ကောင်းမွန်စွာဆက်ဆံရင် အာခိရသ်မှာကုသိုလ်အကျိုးရပြီး ဆက်ဆံရေးညံ့ရင်ပြစ်ဒဏ်ခံရမယ်လို့လည်း မိန့်တော်မူထားပါတယ်။ ကြောင်တစ်ကောင်ကို သူ့ဟာသူအစာရှာဖို့မလွှတ်ဘဲ ချည်နှောင်ထားလို့ အမျိုးသမီးဂျဟန္နမ်ကျမယ့်အကြောင်းနဲ့ ခွေးတစ်ကောင်ရေဆာတာကိုရေတိုက်လို့ လူတစ်ယောက်ဂျန္နသ်ဝင်ရမယ့်အကြောင်း မိန့်ထားပြန်တယ်။ ကိုယ်စိုက်ထားတဲ့အပင်၊ လယ်ကွက်က တိရစ္ဆာန်တွေစားဆွဒ်ကဟ်အလှူဒါနရဲ့ စဝါးဗ်ကုသိုလ်ရမယ်တဲ့။

အစ္စလာမ်က အသားစားတာကိုခွင့်ပြုထားပေမယ့် မလိုအပ်ဘဲ တိရစ္ဆာန်တွေကိုသတ်တာတော့ခွင့်မပြုထားဘူး။ လူတစ်ယောက်က ငှက်ပေါက်စလေးကို ဖမ်းလိုက်တော့ ငှက်မိခင်က ဆောက်တည်ရာမရဖြစ်နေတာကိုမြင်တော့ တမန်တော်မြတ်က မလိုအပ်ဘဲ ငှက်ပေါက်ကို လည်လှီးရင် အလ္လာဟ်အရှင့်ထံတော်မှာ အဖြေပေးရမယ်လို့ သတိပေးခဲ့တယ်။ လူ့အတွက် အသုံးမဝင်မယ့် အရာတွေကို သတ်ခြင်းမှ တမန်တော်က တားမြစ်တော်မူထားတယ်။ ပုရွက်ဆိတ်၊ ပျားကောင်၊ ဘီးတောင်ပိုငှက်တွေကို သတ်ခြင်းက အတိအလင်းတားမြစ်ထားတယ်။ ပုရွက်ဆိတ်တွင်းရှိတဲ့နေရာမှာ မီးမွှေးလို့ တမန်တော်မြတ်က မီးပြန်သတ်ခိုင်းလိုက်တယ်။ နဗီတစ်ပါးက ပုရွက်ဆိတ်တွေကို မီးရှို့ခိုင်းလို့ အလ္လာဟ်အရှင်မြတ်စိတ်ဆိုးတော်မူတဲ့ နဗီအကြောင်း ကုရ်အာန်ကျမ်းမြတ်မှာပါပါတယ်။

အချို့က အသားစားခွင့်ပြုထားတာက ကြင်နာမှုကင်းမဲ့တာကို အားပေးထားတယ်လို့ ဆိုကြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ရာဘာသာအများစု (အားလုံးနီးပါး) ကအသားစားခြင်းကိုခွင့်ပြုထားတာ ချည်းပါပဲ။ အသားစားခြင်းကို တားမြစ်တဲ့သူတွေဟာ ဒါဟာသူ့အသက်ကိုသတ်ခြင်းလို့ ယူဆကြတယ်။ သေချာစဉ်းစားတွေးကြည့်လျှင် သဘာဝကိုက ကမ္ဘာပေါ်မှာ အဆင့်နိမ့်တဲ့ အဖန်ဆင်းခံကို သူ့ထက်အဆင့်မြင့်တဲ့ အဖန်ဆင်းခံအတွက် ရိက္ခာအဖြစ် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားတာတွေ့ရမယ်။ တိုးတက်နေတဲ့ခေတ်မှာ အားလုံးသိသလိုပဲ ရေတစ်ခွက်၊ နို့တစ်ခွက်သောက်ရင်တောင် ထောင်ပေါင်းများစွာသော သက်ရှိတွေဟာ လည်မျိုအောက်ရောက်တာနဲ့ သေပွဲဝင်ကြရပါတယ်။ ရောဂါဖြစ်လို့ဆေးသောက်ရင် ခန္ဓာကိုယ်ကို အန္တရာယ်ပြုနေတဲ့ သက်ရှိများစွာရဲ့ ဘဝဟာ အဆုံးသတ်သွားကြရပါတယ်။ သိပ္ပံပညာက တိရစ္ဆာန်တွေ၊ ပိုးမွှားတွေမပြောနဲ့၊ အပင်တွေမှာပါ အသက်ရှိနေတယ်လို့ ဆိုထားပါတယ်။

တစ်ချို့က နွားကုရ်ဗာနီလုပ်တာကို လူမှုရေးအရမသင့်တော်ဘူး၊ နွားရှားပါးသွားမယ်၊ နို့တွေဈေးကြီးကုန်မယ်လို့ ပြောကြတယ်။ ကုရ်ဗာနီလုပ်တာကိုတားမြစ်ပိတ်ပင်ခြင်းမရှိတဲ့ အမေရိကန်၊ ဥရောပနိုင်ငံများမှာ ကျွန်တော်တို့နိုင်ငံထက် အဆပေါင်းများစွာ ကုရ်ဗာနီသားကောင်ပိုများတာတောင် နွားမရှားသွားပါဘူး။ နို့တွေဈေးအတော်ပဲ။ ကမ္ဘာ့လမ်းပြပုဂ္ဂိုလ်ကြီးများပါ အသားစားကြတဲ့သူတွေပါပဲ။ တမန်တော်အီစာ (အ.စ)နဲ့ အရှင်ဂေါ်တမတို့ဟာ မေတ္တာ၊ ကရုဏာဘက်ကို ဖိတ်ခေါ်ခဲ့သူတွေ ထိပ်ဆုံးကပါဝင်ပါတယ်။ သူတို့တွေလည်း အသားစားကြသူတွေပါ။ အဓိက လောကကြီးမှာ မိမိနှလုံးသား ကမ္ဘာကိုပြောင်းလဲဖို့၊ လူကိုလူလိုမြင်တတ်ပြီး လူအချင်းချင်းချစ်စိတ်၊ ကြင်နာစိတ်ရှိဖို့၊ သေပြီးနောက်အဖြေပေးရမယ်ဆိုတဲ့အသိစိတ်၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်စိတ်ရှိဖို့ပါပဲ။

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၉) သြဂုတ်လထုတ်ကို Download ရယူရန်

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs