ကြိုးဝိုင်းပြင်ပစိန်ခေါ်ပွဲအနိုင်ရခဲ့လို့ ကြိုးဝိုင်းတွင်း ထိုးသတ်ခွင့်ရခဲ့သူ

“Muslim teen boxer inspires others to never give up”

ဉာဏ်အလင်း

လက်ဝှေ့ကိုရူးသွပ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်အတွက် စိန်ခေါ်ပွဲတွေဟာ ကြိုးဝိုင်းထဲမှာသာမက ကြိုးဝိုင်းအပြင်မှာပါကြုံနေရပါတယ်။။ သူမက ဟိဂျားဗ်ဆောင်းပြီး လက်ဝှေ့ထိုးခွင့်ရဖို့ တိုက်ပွဲဝင်နေသူပါ။

အသက် ၁၆ နှစ်အရွယ် အာမီယာ ဇဖရ် ဆိုတဲ့ သမီးပျိုလေးဟာ လွန်ခဲ့တဲ့ သုံးနှစ်တာကာလကတည်းက လက်ဝှေ့လောကထဲကိုဝင်ရောက်ခဲ့ပြီး အလားအလာကောင်းသူတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ အမျိုးသားတွေကြီးစိုးတဲ့လက်ဝှေ့အားကစားစွဲလန်းတဲ့ ဒီမင်နီစိုးတားပြည်နယ်သူလေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်။

“လက်ဝှေ့လေ့ကျင့်ရေးရုံကိုပထမဆုံးအကြိမ်ရောက်တော့ ဒါဟာ တစ်သက်လုံးအတွက်ပဲဆိုပြီး ကျမစိတ်ထဲခံစားသိရှိလိုက်ရတယ်” လို့ သူမကပြောတယ်။

ကြိုးဝိုင်းထဲမှာလည်း ဇဖရ်ဟာ ဟိဂျားဗ်ဝတ်ဆင်ပါတယ်။ ဒါတင်မကသေး၊ အားကစား အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီအရှည်ကိုလည်း ၀တ်ပါသေးတယ်။ ဟိဂျားဗ်ဝတ်ဆင်တာကြောင့် အမေရိကန်ဘောက်ဆင်ယူနီဖောင်းဥပဒေကို ဖောက်ဖျက်တယ်ဆိုပြီး လွန်ခဲ့တဲ့နိုဝင်ဘာလက လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

“ကျမချစ်တဲ့အားကစားအတွက် ဘာကြောင့်အထိခိုက်ခံနေရတာလဲ။ ဒါက ကျမဘ၀ပဲလေ။ ကျမနေ့တိုင်း အားကစားရုံကိုသွားတယ်။ အဲဒီအတွက် ကျမကိုးကွယ်တဲ့ဘာသာတရားက အလျှော့ပေးလိုက်ရမှာလား” လို့ သူမက မေးခွန်းထုတ်လိုက်ပါတယ်။ လက်ရည်စစ်ပွဲမအောင်ခဲ့ပေမယ့် လေ့ကျင့်ခန်းကိုအပျက်မခံခဲ့ပါဘူး။ လက်ဝှေ့ပွဲစဉ်တွေကိုလည်း မျက်ခြေမပြတ်လေ့လာခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရမယ့်အချိန်ကို စောင့်စားရင်းနဲ့ပေါ့။

ဇဖရ်၊ သူမမိသားစု၊ သူမလေ့ကျင့်တဲ့အားကစားရုံ (Circle of Discipline) နဲ့ အစ္စလာမ်-အမေရိကန်ဆက်ဆံရေးကောင်စီ (CAIR) တို့က ဟိဂျားဗ်ဆောင်းခွင့်ကို ဘာသာရေးအရကင်းလွတ်ခွင့်ပေးဖို့ အမေရိကန်ဘောက်ဆင်အဖွဲ့ချုပ် (USA Boxing Association) ကို မေတ္တာရပ်ခံလျှောက်ထားခဲ့ပါတယ်။

“ကြိုးဝိုင်းပြင်ပက ဒီစိန်ခေါ်ပွဲကို လျင်လျင်မြန်မြန်အနိုင်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့အဆုံးသတ်အထိကြံ့ကြံ့ခံတိုက်ပွဲဝင်သွားပါမယ်။ တကယ်လို့ အဆုံးသတ်အောင်မြင်ချိန်ကို ကျမမမြင်လိုက်ရဘူးဆိုရင်တောင် နောင်လာနောက်သားတွေအတွက် စည်းမျဉ်းစည်းကမ်းပြောင်းပေးအောင်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင် ကျမအနိုင်ရတာပဲ” လို့ သူမရဲ့ခံယူချက်ကိုပြောပါတယ်။

ဒါပေမဲ့ သူမအဲဒီလောက်အချိန်ကြာအောင် စောင့်စရာမလိုလိုက်ပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ ကြိုးဝိုင်းပြင်ပစိန်ခေါ်ပွဲကို အနိုင်ရလိုက်တာကြောင့် ဟိဂျားဗ်နဲ့ ၀တ်စုံပြည့်ဝတ်ဆင်ပြီး ကြိုးဝိုင်းတွင်းမှာ ယှဉ်ပြိုင်ထိုးသတ်ခွင့် ရပါတော့မယ်။ အမေရိကန်ဘောက်ဆင်အဖွဲ့ချုပ်က ဒေသတွင်းပွဲတွေထိုးသတ်ဖို့ ဇဖရ်ကိုခွင့်ပြုလိုက်ပါပြီ။

“အမေရိကန်ဘောင်ဆင်အဖွဲ့ချုပ်အနေနဲ့ လူငယ်လက်ဝှေ့ပရိုဂရမ်တွေမှာ
မတူကွဲပြားတဲ့အုပ်စုအသီးသီးက အားကစားသမားလေးတွေကို ဆွဲဆောင်နိုင်ခဲ့လို့ စိတ်လှုပ်ရှားရပါတယ်။ လောလောဆယ် ပြည်တွင်းပြိုင်ပွဲတွေမှာအားကစားသမားကိုးကွယ်တဲ့ဘာသာတရားအလိုက် သင့်လျော်တဲ့အ၀တ်အစားဝတ်ခွင့်အတွက် ကျနော်တို့စီစဉ်ဆောင်ရွက်နေပါတယ်။ အသစ်ပြဋ္ဌာန်းဖို့ စီစဉ်နေတဲ့ စည်းမျဉ်းတွေအရ အားကစားသမားတွေဟာ သူတို့ကိုးကွယ်ရာအလိုက်ဝတ်စားဆင်ယင်ခွင့်ရရှိကြမှာပါ” လို့ အမေရိကန်ဘောက်ဆင်အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက် မက်အတီးက ပြောပါတယ်။

လာမယ့် ရုံးပိတ်ရက်မှာ ဇဖရ်ဟာ ဟိဂျားဗ်ဝတ်ဆင်ပြီး သူမရဲ့ပထမဆုံး လက်ဝှေ့ပွဲကို ယှဉ်ပြိုင်ထိုးသတ်ရတော့မှာပါ။ လက်ဝှေ့လောကရဲ့ သမိုင်းသစ်ကို သူမရေးထိုးနိုင်ခဲ့ပါပြီ။ သူမဟာ ဟိဂျားဗ်ဝတ်ဆင်ပြီး ပထမဆုံးထိုးသတ်ခွင့်ရတဲ့ လက်ဝှေ့သမားဖြစ်လာမယ်လို့ CAIR ကပြောပါတယ်။

“ဘယ်အရာမဆို တစ်စုံတစ်ဦးကနေ အစပြုရတာပဲ။ သင်ဟာဘယ်လောက်ထိ သေးငယ်နေပါစေပေါ့။ အပြောင်းအလဲတစ်ခုကို အစပြုဖို့ လူတစ်ယောက်သာလိုပါတယ်” လို့ ဇဖရ်ကပြောပါတယ်။ ဒါ့အပြင် ဇဖရ်ဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရဖို့လည်း မျှော်မှန်းထားပါတယ်။ သူမရဲ့မိမိကိုယ်ကိုယ်ယုံကြည်မှုဟာ ဘယ်လောက်ထိ ပြင်းထန်ခိုင်မာသလဲဆိုရင် နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်ကို ဘာသာရေးအ၀တ်အစားဝတ်ဆင်ခွင့်ရဖို့အတွက် အခုကတည်းကစလို့ မေတ္တာရပ်ခံနေပါပြီ။

Ref: CNN

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1