သမိုင်းထဲက ဒီနေ့ သို့မဟုတ် အိုင်စတိုင်းမွေးပြီ

အဲလ်ဘတ်အိုင်စတိုင်းကို ၁၈၇၉ခုနှစ် မတ်လ ၁၄ရက်နေ့က ဂျာမနီနိုင်ငံ အလ်မ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ ဂျူးလူမျိုးလျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ပါ။ အိုင်စတိုင်းရဲ့သီအိုရီတွေ နိယာမတွေဟာ စကြ၀ဠာကြီးကို မြင်တဲ့လူတွေရဲ့အမြင်ကိုပြောင်းလဲစေခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအင်နဲ့ အမှုန်သီအိုရီဟာလည်း အက်တမ်ဗုံးထုတ်လုပ်နိုင်တဲ့ထိအောင် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
 
ငယ်စဉ်ကလေးဘ၀ကို ဂျာမနီနဲ့ အီတလီနိုင်ငံမှာ ဖြတ်သန်းခဲ့ရပြီး ရူပဗေဒနဲ့ သင်္ချာကို ဆွစ်ဇလန်နိုင်ငံ ဇူးရစ်မြို့က ဖက်ဒရယ် ပိုလီတက္ကနစ် အကယ်ဒမီမှာ တက်ရောက်သင်ကြားခဲ့ပါတယ်။
 
ဆွစ်ဇလန်နိုင်ငံသားဖြစ်လာခဲ့ပြီးနောက် မြို့တော်ဘန်းက ရုံးတစ်ခုမှာ အလုပ်လုပ်နေတုန်း ၁၉၀၅ ခုနှစ်မှာ ဇူးရစ်တက္ကသိုလ်ကနေ Ph.D ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ အဲဒီနှစ်ဟာ အိုင်စတိုင်းအတွက်တော့ အံ့သြဖွယ်ရာနှစ်တစ်နှစ်လို့ တင်စားခဲ့ကြပါတယ်။ အဲဒီတစ်နှစ်ထဲမှာပဲ သီအိုရီစာတမ်းငါးစောင် ရေးသားခဲ့ပြီး Modern Physics ဖွံ့ဖြိုးတိုးတက်ဖို့ကို အများကြီးအထောက်အကူပြုခဲ့ပါတယ်။
 
အဲဒီစာတမ်းငါးစောင်ထဲက ပထမဆုံးတစ်စောင်ဖြစ်တဲ့ “On a Heuristic Viewpoint Concerning the Production and Transformation of Light,” နဲ့ ၁၉၂၁ ခုနှစ်မှာ ရူပဗေဒ နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
 
ဒုတိယစာတမ်းမှာတော့ အက်တမ်နဲ့ မော်လီကျူးအမှုန်တွေကို တွက်ချက်တဲ့ နည်းစနစ်အသစ်ကို ဖန်တီးခဲ့ပါတယ်။ တတိယစာတမ်းမှာတော့ အကြားအမှုန်တွေရဲ့ ရွေ့လျားမှုကို သင်္ချာနည်းနဲ့ရှင်းပြထားတဲ့ Brownian Motion (the constant erratic movement of particles suspended in a fluid) သီအိုရီကို ချပြခဲ့ပါတယ်။ ဒုတိယနဲ့ တတိယစာတမ်းနှစ်စောင်ပါ သီအိုရီတွေဟာ ဒီနေ့အချိန်ထိ သိပ္ပံပညာရှင်တွေအကြား အငြင်းပွားနေရဆဲဖြစ်ပါတယ်။
 
သိပ္ပံလောက ကိုဦးဆောင်နိုင်ခဲ့တဲ့ သီအိုရီတစ်ခုလည်းဖြစ်… စတုတ္ထမြောက်စာတမ်းလည်းဖြစ်တဲ့ သီအိုရီကတော့ သူ့ရဲ့အထူးစပယ်ရှယ် ရီလေတစ်ဗီတီ သီအိုရီ (Theory of Relativity) ဖြစ်ပါတယ်။ အီကွေးရှင်းဖြစ်တဲ့ E=mc2 ဆိုတာကိုတော့ သိပြီးဖြစ်ကြမှာပါ။
 
သူ့ရဲ့တော်လှန်သော ခေတ်ဆန်းသိပ္ပံနိယာမတွေကို အများပြည်သူက အစောပိုင်းမှာ အသေအချာဂုဏ်မပြုခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ ဥရောပက အလေးစားခံ ရူပဗေဒရပ်ဝန်းက သူ့ကိုဖိတ်ခေါ်ခဲ့ကြပြီး ဇိုင်းရစ်ခ်ျမြို့၊ ပရဂ်မြို့နဲ့ ဘာလင်မြို့တို့က ပရော်ဖက်ဆာအဖြစ် ချီးမြှင့်ခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာတော့ “အထွေထွေ ရီလေတစ်ဗီတီ သီအိုရီ၏ အခြေခံအုတ်မြစ်” ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲက အိုင်စတိုင်းရဲ့ တွက်ချက်မှန်းဆမှုတွေကို အခြေခံပြီး ၁၉၁၉ ခုနှစ်မှ နက္ခတ္တဗေဒပညာရှင်တွေက လေ့လာရာမှာ နေကြတ်မှုကို အတိအကျကြုံခဲ့ရလို့ နေ့ချင်းညချင်းလူသိများ ထင်ရှားလာခဲ့ပါတယ်။ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေက ဆင့်ကဲလေ့လာရာမှာ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်) ရဲ့ ၀န်ရိုးမှာအပြောင်းအလဲရှိခြင်း၊ တွင်းနက်ကြီးများ (Black holes) ရှိခြင်း အစရှိတဲ့အချက်တွေကို ဆက်လက် တွေ့ရှိခဲ့ကြပါတယ်။
 
နောက်ထပ်ဆယ်စုနှစ်အတွင်း ရူပဗေဒပညာတိုးတက်ဖို့အတွက် သူအများကြီး ပံ့ပိုးကူညီခဲ့ပါတယ်။ အိုင်စတိုင်းဟာ ကမ္ဘာသိအလေးစားခံပုဂ္ဂိုလ်ဖြစ်လာချိန်မှာ နိုင်ငံရေးဘက်ကို စယိမ်းခဲ့ပါတယ်။ ဇီယွန်ဝါဒစတင်မှုကိုအားပေးထောက်ခံခဲ့ပြီး စစ်ဝါဒနဲ့ လက်နက်ပြန်လည်တပ်ဆင်ရေးကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်။ သူ့မွေးရပ်ဇာတိ ဂျာမနီမှာတော့ သူ့ကိုလူကြိုက်မများလှပါဘူး။ နာဇီခေါင်းဆောင် ဟစ်တလာ ဂျာမနီအဓိပတိဖြစ်လာတဲ့ ၁၉၃၃ ခုနှစ်မှာ အိုင်စတိုင်းဟာ ဂျာမန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပြီး နိုင်ငံကိုစွန့်ခဲ့ပါတော့တယ်။
 
နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုမှာအခြေချခဲ့ပြီး နယူးဂျာစီပြည်နယ် ပရင်စီတန်မြို့က Institute for Advanced Study တက္ကိသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျန်သက်တမ်းတစ်လျှောက်လုံးကို သီအိုရီတွေဖန်တီးခြင်း၊ အနီးနားက ကန်ရေပြင်မှာ ရွက်လွှင့်အပန်းဖြေခြင်းနဲ့ တယောထိုးခြင်းတွေပြုလုပ်ပြီး ကုန်လွန်စေခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။
 
စစ်ဆန့်ကျင်ရေး (Pacifist) ၀ါဒကို တစ်သက်လုံးဆွဲကိုင်ခဲ့လင့်ကစား ၁၉၃၉ ခုနှစ်မှာတော့ အမေရိကန်အနေနဲ့ အတမ်လက်နက် (Atomic weapons) သုတေသနပိုင်းကို အာရုံစိုက်လုပ်ကိုင်ဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကို တခြားသိပ္ပံပညာရှင်တွေကို ကိုယ်စားပြုပြီး သမ္မတ ဖရန့်ကလင် ဒီ. ရုစဗဲ့ဆီကိုပို့ခဲ့ပါတယ်။ ဂျာမနီတစ်နိုင်ငံထဲက အဲဒီလို လက်နက်မျိုးပိုင်ဆိုင်သွားမှာကို တခြားသိပ္ပံပညာရှင်များနည်းတူ အိုင်စတိုင်းက စိုးရိမ်ထိတ်လန့်ခဲ့ပါတယ်။ မန်ဟက်တန်ပရောဂျက် (Manhattan Project) မှာ ဘယ်အခန်းကဏ္ဍကမှ မပါဝင်ခဲ့ပေမယ့် ဂျပန်နိုင်ငံအပေါ် အတမ်ဗုံး (Atomic Bombs) များ ကြဲချမှုကို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ စစ်ကြီးအပြီးမှာ နျူကလီးယားနည်းပညာကို ထိန်းချုပ်ဖို့ နဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို တားဆီးဖို့အတွက် ကမ္ဘာ့အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ သူက တိုက်တွန်းနှိုးဆော်ခဲ့ပါသေးတယ်။
 
၁၉၅၀ ခုနှစ်ရောက်တော့ သူ့ရဲ့ Unified field theory ကို ချပြခဲ့ပေမယ့် အောင်မြင်မှုမရှိတဲ့သီအိုရီအဖြစ် သိုသိုသိပ်သိပ်ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။
 
လူသားသမိုင်းတစ်လျှောက် ဖန်တီးစွမ်းရည်အမြင့်ဆုံးရှိတဲ့လူသားတွေထဲမှာ တစ်ဦးပါဝင်သူ အဲလ်ဘတ်အိုင်စတိုင်းဟာ ၁၉၅၅ ခုနှစ်အရောက်မှာ ပရင်စီတန်မြို့မှာပဲ ကွယ်လွန်သေဆုံးခဲ့ပါတယ်။
ဉာဏ်အလင်း
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz