ဒပ်ခ်ျတွေကိုတော်လှန်ခဲ့တဲ့ အာချေးအာဇာနည်သူရဲကောင်းမကြီး ကြွပ်ညက်ဒင်

ကဏ္ဍ – Biography

(စတီဗင်)

ကြွပ်ညက်ဒင် (အင်ဒိုနီးရှားအသံထွက်) [၁၈၅၀-၁၉၀၈] ဆိုတာ သမိုင်းမှာထင်ရှားတဲ့ အမျိုးသမီးစစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အင်္ဂလိပ်စာလုံးပေါင်းနဲ့ဆိုရင် Cut Nyak Dhien သို့မဟုတ် Tjoet Nja’ Dhien လို့ ပေါင်းပါတယ်။ ကြွပ်ညက်ဒင်ဟာ အာချေးစစ်ပွဲ [၁၈၇၃-၁၉၀၄] အတွင်း ကိုလိုနီကျူးကျော်သူ ဒပ်ခ်ျတွေကို တိုက်ထုတ်ဖို့အတွက် အာချေးတော်လှန်ရေး ပြောက်ကျားတပ်သားတွေကို ဦးဆောင်ခဲ့တဲ့အာဇာနည်သူရဲကောင်းဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတနိုင်ငံအဖြစ်ထူထောင်ပြီးချိန် ၁၉၆၄ ခုနှစ် မေလ ၂ ရက်မှာ သမ္မတဆူကာနိုက သူမကို  အင်ဒိုနီးရှားအမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူမရဲ့ဓာတ်ပုံကို ၂၀၀၈ ခုနှစ် တံဆိပ်ခေါင်းမှာထည့်သွင်းပုံနှိပ်ခဲ့သလို အင်ဒိုပိုက်ဆံ ရူပီယား ၁၀,၀၀၀ တန် ဘဏ်နုတ်မှာလည်း သူမရုပ်ပုံပါဝင်ပါတယ်။

ကြွပ်ညက်ဒင်ကို ၁၈၅၀ ခုနှစ်အတွင်း လမ်ပါဒန်း (Lampadang) မှာ မွေးဖွားခဲ့ပြီး ၁၉၀၈ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာတော့ ဆူမီဒန်း (Sumedang) မှာ ကွယ်လွန်ခဲ့ပါတယ်။ သူမမိသားစုဟာ အာချေးဘီဆာ (Aceh Besar) ဒေသက မင်းမျိုးစိုးမျိုးဖြစ်ပါတယ်။ ဖခင်ဟာ တီကူးနန်တာဆီတီယာ (Teuku Nanta Setia) ဖြစ်ပြီး လန်ပါဂါက ယူလီဘာလန်း (Uleebalang) မဟာမျိုးနွယ်စုဝင်ဖြစ်ပါတယ်။ မိခင်ဖြစ်သူကလည်း အဲဒီမဟာမျိုးနွယ်စုဝင်ပါပဲ။

ကြွပ်ညက်ဒင်ဟာ ငယ်စဉ်ဘဝကတည်းက အစ္စလာမ့်ပညာရေးနဲ့ အိမ်မှုကိစ္စတွေကို ပညာရေးအဖြစ်သင်ယူခဲ့ပါတယ်။ သူမရဲ့ရုပ်ရည်ရူပကာအလှဟာ နာမည်ကြီးတာကြောင့် အိမ်ထောင်ဘက်အဖြစ်တောင်းရမ်းသူအများအပြားရှိခဲ့ပါတယ်။ သူမရဲ့မိသားစုကတော့ သူတို့လိုမင်းမျိုးစိုးမျိုးဖြစ်တဲ့ တီကူးဆက် အိဗ်ရာဟီးမ်လမ်ငါ (Teuku Cek Ibrahim Lamnga) နဲ့ အသက် ၁၂ နှစ်အရွယ်မှာ ထိမ်းမြားလက်ထပ်ပေးခဲ့ပါတယ်။

Teuku Cek Ibrahim Lamnga

 

၁၈၇၃ မတ် ၂၆ ရက်မှာ ဒပ်ခ်ျတို့က အာချေးဒေသကို စစ်ကြေညာခဲ့တာကြောင့် ပထမအာချေးစစ်ပွဲ (The Frist Aceh War) စတင်ဖြစ်ပွားပါတယ်။ အာချေးစစ်သားတွေကို ပန်းလီမာပိုလင်မ် (Panglima Polem) နဲ့ ဒုတိယမြောက် အလာအူဒင်း မဲဟ်မူးဒ်ရှား (Alauddin Mahmud Syah II) တို့က ဦးဆောင်ခဲ့ပါတယ်။ အာချေးစစ်တပ်ဟာ ဒပ်ခ်ျဗိုလ်ချုပ် ဂျိုဟန်ဟာမန်း ရုဒေါ့ဖ်ခိုလာ (Johan Harmen Rudolf Kohler) ဦးဆောင်တဲ့စစ်တပ်ကို အနိုင်ရခဲ့ပါတယ်။ ဒပ်ခ်ျဗိုလ်ချုပ်က အာချေးတို့ရဲ့တိုက်ရည်ခိုက်ရည်ကို အထင်အမြင်သေးခဲ့တာကြောင့် ဒီစစ်ပွဲမှာ အရေးနိမ့်ခဲ့တာပါ။ ခိုလာကိုလည်း ပစ်သတ်လိုက်ကြပါတယ်။ စစ်ပွဲအတွင်းမှာ ဒပ်ခ်ျစစ်သားတွေဟာ အာချေးဗလီကြီးကို ဒပ်ခ်ျစစ်သားတွေက မီးရှို့ဖျက်ဆီးပစ်လိုက်ချိန်မှာတော့ ကြွပ်ညက်ဒင်ရဲ့အသွေးအသားထဲမှာ သူတို့ရဲ့ဘာသာတရားနဲ့ ဝတ်ပြုရာအဆောက်အအုံတွေကို စော်ကားတဲ့ ဒပ်ခ်ျကျွန်ဘဝကနေ အာချေးတွေလွတ်မြောက်ရမယ်ဆိုတဲ့ စိမ့်ဝင်သွားခဲ့ပါတယ်။

၁၈၇၃ မှာဖြစ်ပွားတဲ့ ဒုတိယအာချေးစစ်ပွဲမှာ ဒပ်ခ်ျတွေဘက်က အသာစီးရခဲ့ပြီး ဆူလတန်နန်းတော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကြွပ်ညက်ဒင်နဲ့ သူမရဲ့မွေးကင်းစသားလေးဟာ လွတ်ရာကျွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် ခင်ပွန်းသည်ဖြစ်သူကတော့ တိုက်ရင်းခိုက်ရင်းကျဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဒပ်ခ်ျတွေကို အပြီးသတ်ချေမှုန်းမယ်လို့ ကြွပ်ညက်ဒင်က ကျိန်ဆိုလိုက်ပါတော့တယ်။

နောက်နှစ်နှစ်အကြာမှာတော့ ကြွပ်ညက်ဒင်ဟာ တီကူးအိုမရ် (Teuku Umar) ရဲ့ လက်ထပ်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

ခင်ပွန်းသည်က သူမကို တိုက်ပွဲဝင်ဖို့ ဆက်လက်ခွင့်ပြုခဲ့ပါတယ်။ ၁၈၈၀ ခုနှစ်မှာတော့ သူတို့လက်ထပ်ခဲ့ကြပြီး ကြွပ် ဂမ်ဘန်း (Cut Gambang) လို့အမည်ရတဲ့ သမီးလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ကိုလိုနီကျူးကျော်သူတွေကို တိုက်ထိုက်ဖို့အတွက် စစ်တပ်စုဆောင်းရေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေးတွေ အတူတကွလုပ်ဆောင်ခဲ့ကြပါတယ်။ အာချေးလူမျိုးတွေဟာ ကျူးကျော်သူဒပ်ခ်ျတွေအပေါ် မတရားမှုကို တော်လှန်သောဘာသာရေးစစ်ပွဲ (ဂျေဟားဒ်) ကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့တွေဟာ ထောင်ချောက်ထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းအစရှိတဲ့ နည်းလမ်းတွေအသုံးပြုခဲ့ကြပါတယ်။

အာချေးစစ်တပ်ဟာ အစားအသောက်၊ လက်နက်ခဲယမ်းမီးကျောက်အင်မတန်ချို့တဲ့လျက်ရှိပါတယ်။ ဒါကြောင့် တီကူးအိုမရ်နဲ့ ကြွပ်ညက်ဒင်တို့ဟာ လျှို့ဝှက်မဟာဗျူဟာတစ်ခုရေးဆွဲခဲ့ပါတယ်။ အဲဒါကတော့ တီကူးအိုမရ်နဲ့အတူ စစ်သား ၂၅၀ ဟာ ဒပ်ခ်ျစစ်တပ်ဆီမှာ လက်နက်ချအညံ့ခံဖို့ပါပဲ။ အဲဒီမဟာဗျူဟာကို ၁၈၉၃ ခုနှစ်မှာအကောင်အထည်ဖော်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ တီကူးအိုမရ်ကို တပ်မှူးအဖြစ်ရာထူးပေးခဲ့ပြီး တီကူးအိုမရ်ဂျိုဟန်ပဲဟ်လဝါန်း (Teuku Umar Johan Pahlawan) ဆိုတဲ့ ဘွဲ့ကိုပါချီးမြှင့်ခဲ့ပါတယ်။ တီကူးအိုမရ်ဟာ အင်မတန်ကြံရည်ဖန်ရည်ရှိသူဖြစ်တဲ့အလျောက် ဒပ်ခ်ျစစ်တပ်ထဲကနေ အစားအသောက်နဲ့ လက်နက်တွေ မပြီး ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ အဲဒီအထောက်အပံ့ပစ္စည်းတွေဟာ အာချေးတော်လှန်ရေးသမားတွေအတွက် အလုံအလောက်ဖြစ်သွားပါတော့တယ်။ ခင်ပွန်းသည်ကိုပေးတဲ့ ကြွပ်ညက်ဒင်ရဲ့ အကြံဉာဏ်တွေဟာ တိုက်ပွဲမဟာဗျူဟာအတွက် အင်မတန်ကိုအထောက်အကူပြုခဲ့ပါတယ်။

တီကူးအိုမရ်နဲ့ ကြွပ်ညက်ဒင်တို့ဟာ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ မြူလာဘိုမြို့မှာ ဒပ်ခ်ျတို့ရဲ့လျပ်တပြက်တိုက်ခိုက်မှုကြောင့် တီကူးအိုမရ်ကျဆုံးသွားပါတယ်။ ခင်ပွန်းသည်ကျဆုံးပြီးနောက် အာချေးတော်လှန်ရေးစစ်တပ်ကို ကြွပ်ညက်ဒင်က ဦးဆောင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကွယ်လွန်သွားတာကြောင့် သမီးငယ် ကြွပ်ဂမ်ဘန်းက ငိုတော့ ကြွပ်ညက်ဒင်က သမီးကို ရိုက်ခဲ့ပြီး အခုလိုပြောခဲ့ပါတယ်။ “အာချေးရဲ့သမီးပျိုတွေဟာ ကျဆုံးအာဇာနည်တွေအတွက် မျက်ရည်မကျရဘူး” တဲ့။

အကျအဆုံးများခဲ့တာကြောင့် နည်းနည်းသာကျန်တဲ့ အာချေးစစ်တပ်လေးကို ကြွပ်ညက်ဒင်က ဆက်လက်ဦးဆောင်ပြီး ကိုလိုနီတွေကို အထိနာအောင် တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံး ဒပ်ခ်ျတွေဟာ သူတို့ရဲ့တိုက်ခိုက်ရေးဗျူဟာကိုပြောင်းလဲခဲ့ရတဲ့အထိပဲ။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အာဇာနည်မကြီးကြွပ်ညက်ဒင်လည်း အဝေးမှုန်ပြီး အဆစ်ရောင်နာစွဲကပ်ခဲ့ရှာပါတယ်။ သစ္စာဖောက်တွေကြောင့်ရယ်၊ အထောက်အပံ့ပစ္စည်းမလုံလောက်မှုကြောင့်ရယ်နဲ့ အာချေးတပ်ဟာလည်း တဖြေးဖြေးလူနည်းသွားပါတယ်။ ဒါပေမဲ့ လက်နက်မချဘဲ ရှိသမျှနဲ့လေးနဲ့ ဆက်လက်တိုက်ပွဲဝင်ရင်း နောက်ဆုံးမှာတော့ ဒပ်ခ်ျစစ်တပ်ဖမ်းတာခံလိုက်ရပါတယ်။

သူမကို ဘန်ဒါအာချေး (Banda Aceh) ကို ပို့ဆောင်ခဲ့ပေမယ့် အဖမ်းမခံရသေးတဲ့ လက်ကျန် အာချေးစစ်သားတွေနဲ့ အဆက်အသွယ်လုပ်ရင်း ညွှန်ကြားနေဆဲပါပဲ။ ဒပ်ချပ်တွေလည်း သူမဒဏ်ကိုမခံနိုင်တဲ့အဆုံး ၁၉၀၆ ခုနှစ်ဒီဇင်ဘာ ၁၁ ရက်မှာ အာချေးစစ်သားတွေနဲ့ အဆက်အသွယ်လုပ်လို့မရနိုင်တဲ့ ဆူမီဒန်း (Sumedang) ကိုပို့လိုက်ပါတယ်။

ဆူမီဒန်းမှာတော့ အကျဉ်းသားအဖြစ်အဖမ်းမခံရပါဘူး။ အဲဒီမှာ အာဇာနည်မကြီး ကြွပ်ညက်ဒင်ဟာ ဘာသာရေးကိုသာ ဖိလုပ်ခဲ့ပြီး လက်ထဲမှာ ပုတီးမပြတ်တော့ပါဘူး။ ဒါနဲ့ ဆူမီဒန်းအုပ်ချုပ်သူက သူမကို ဒေသခံဘာသာရေးဆရာ ဟာဂျီအိလ်ယားစ်ထံပို့ဆောင်လိုက်ပါတယ်။ အဲဒီမှာ ကြွပ်ညက်ဒင်က ကျောင်းသားတွေကို ဘာသာရေးပညာသင်ပေးခဲ့ပါတယ်။ ကြွပ်ညက်ဒင်ဟာ ဘာသာရေးကိုင်းရှိုင်းသူအမျိုးသမီးကြီးဖြစ်ပြီး ဆူမန်ဒန်းဒေသခံတွေရဲ့ လေးစားကြည်ညိုမှုကို ရရှိခဲ့ပါတယ်။  ဒပ်ခ်ျတွေဘယ်လောက်ပဲ လက်ဆောင်ပေးပေး ဘယ်သောအခါမှလည်း လက်မခံခဲ့ပါဘူး။

Ref: Biography Pahlawan Nasional Cut Nyak Dhien via Historia Factory

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP