NLD ပါတီစတင်ဖွဲ့စည်းတည်ထောင်ခဲ့သူ C.E.O မောင်သော်က (ခေါ်) နူးရ်မိုဟာမတ် ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့်ပြီ

၁၉၈၈ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က ရွှေတိဂုံဘုရားမှာ လူပရိသတ်သောင်းချီကို မိန့်ခွန်းခြွေခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ်လူထုကြားထွက်ခဲ့တဲ့အဖြစ်အပျက်ပါလို့ ယေဘုယျအားဖြင့် လက်ခံထားကြပါတယ်။ ဒါပေမဲ့လည်း အဲဒီသမိုင်းဝင်နေ့ရက်မတိုင်ခင် နှစ်ရက်အရင်က ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကြားကိုထွက်ခဲ့ပြီးသားပါ။ သြဂုတ်လ ၂၄ရက်နေ့မှာ စင်မြင့်ထက်ကမဟုတ်တဲ့ ယာယီဟောပြောပွဲတစ်ခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရှေ့မှာ ပြုလုပ်ခဲ့သေးပြီး နောင်နှစ်ရက်နေရင် ရွှေတိဂုံဘုရားမှာ ပြည်သူလူထုကို မိန့်ခွန်းခြွေမယ်လို့ အဲဒီဟောပြောပွဲမှာ ကြေညာခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရှေ့ဟောပြောပွဲမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံထဲမှာ ဒေါ်စုဟာ မိုက်ကရိုဖုန်းတစ်လုံးကိုလက်ကကိုင်ထားပြီး ဆေးရုံပြတင်းပေါက်ကနေ သူနာပြုဆရာမနှစ်ယောက်က စပ်စပ်စုစုထွက်ကြည့်နေတာကိုတွေ့ရမှာပါ။ ဒါ့အပြင် သူမဘေးအနောက်နားမှာ ရှပ်အင်္ကျီအစင်းကြောင်းနဲ့ ရပ်နေတဲ့အရပ်ရှည်ရှည်လူကြီးတစ်ယောက်ကိုမြင်ရပါလိမ့်မယ်။ သူမရဲ့နောက်ထပ်ဘေးတစ်ဘက်တစ်ချက်မှာတော့ ငယ်ရွယ်နုပျိုတဲ့အမျိုးသမီးတစ်ယောက်ကိုမြင်ရဦးမှာပါ။ အဲဒီအမျိုးသမီးကတော့ ထိုစဉ်က နာမည်ကြီးသရုပ်ဆောင် ဒေါ်ခင်သီတာထွန်းပါ။
Image may contain: 4 people

Photo – ဆန်နီညိမ်း

အင်္ကျီအစင်းဝတ်ထားတဲ့အရပ်ရှည်ရှည်လူကြီးကတော့ ထင်ရှားတဲ့စာရေးဆရာမောင်သော်ကဖြစ်ပါတယ်။ မောင်သော်ကဟာ ကွန်လွန်သွားရှာပြီဖြစ်တဲ့ ဂျာနယ်လစ်၊ အယ်ဒီတာကြီးဦးဝင်းတင်နဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသုတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် တိုက်တွန်းခဲ့သူတစ်ယောက်ပါ။
 
အာဏာရှင်စစ်အစိုးရက ဆန္ဒပြပြည်သူထောင်ချီကို သြဂုတ်လ ၈-၁၀နေ့တွေမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတစ်ခုလုံးကို ကိုယ်စားပြုပြီး ရပ်တည်ပေးနိုင်မယ့် လူထုခေါင်းဆောင်တစ်ယောက် လိုအပ်လာပါတယ်။ မော်သော်က၊ ဦးဝင်းတင်နဲ့ ဦးမိုးသုတို့က နိုင်ငံ့အရေးတွေးမိတဲ့အားလျော်စွာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။ ရက်အနည်းငယ် အရင် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်းကို သင်္ဂြိုဟ်ထား တဲ့အာဇာနည်ဗိမာန်မှာ သွားရောက်ဂါရ၀ပြုနေတဲ့ သမီးဖြစ်သူကို သတင်းစာတစ်စောင်ကဖော်ပြခဲ့တာကြောင့် ဒေါ်စုတစ်ယောက် ရန်ကုန်မြို့မှာရှိနေမယ်ဆိုတာကို မောင်သော်ကာ၊ ဦးဝင်တင်နဲ့ ဦးမိုးသုတို့က တထစ်ချတွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဗမာစကားကောင်းကောင်းမွန်မွန်ပြောတတ်ပါဦးမလားဆိုပြီး သူတို့သုံးယောက်စိတ်ပူခဲ့ကြပါတယ်။ သူမက နိုင်ငံခြားမှာနှစ်ပေါင်းများစွာကြာအောင်နေခဲ့တာကြောင့် မွေးရပ်မြန်မာနိုင်ငံမှာ သူမကိုသိတဲ့မိသားစုဝင် အနည်းငယ်သာရှိခဲ့ပါတယ်။
 
ဉာဏ်အမျှော်အမြင်နဲ့ပြည့်စုံတဲ့ ပညာရှိကြီးသုံးယောက်က တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားရကျိုး နပ်ခဲ့ပါတယ်။ သူမဟာ ဗမာစကားကိုမွတ်နေအောင်ပြောတတ်တာတွေ့ရပေမယ့်လည်း နိုင်ငံရေးထဲ ခြေစုံပစ်ဝင်ဖို့ တွန့်ဆုတ်နေတာတွေ့ခဲ့ရပါတယ်။ သူမအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာရခြင်းက သူမရဲ့မုဆိုးမမိခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျန်ရစ်သူဇနီးသည် ဒေါ်ခင်ကြည် နာမကျန်းဖြစ်နေတာကို လာရောက်ပြုစုဖို့သက်သက်သာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ပညာရှိသုံးဖော်ဟာ လက်မလျှော့သေးဘဲ တက္ကသိုလ်ရိပ်သာလမ်းကို ဒုတိယတစ်ကြိမ်သွားရောက်တွေ့ဆုံခဲ့ ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဘက်က ရပ်တည်ဖို့သဘောတူညီခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးဖြစ်တဲ့အားလျော်စွာ နိုင်ငံရေစုံမျောလုဆဲဆဲဖြစ်နေချိန် သူမအနေနဲ့ ဆိတ်ဆိတ်ထိုင်မကြည့်နိုင်ခဲ့ပါဘူး။ သမိုင်းမှတ်တိုင်က အဲဒီကစတယ်လို့ဆိုရပါမယ်။
 
ဦးဝင်းတင်ကတော့ ၂၀၁၄ခုနှစ် မတ်လ ၁၂ရက်မှာ အသက် ၈၅နှစ်ပြည့်မှာဖြစ်ပေမယ့်လည်း တက်တက်ကြွကြွရှိနေဆဲဖြစ်ပြီး စာတွေရေးနေဆဲ၊ မိန့်ခွန်းတွေပြောနေဆဲ၊ အင်တာဗျူးတွေဖြေနေဆဲ ရဲရဲတောက်ပုဂ္ဂိုလ်ပါ။ ဦးမိုးသုကတော့ လူရွှင်တော်ဇာဂနာနဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကြိုးစားနေပါတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ မောင်သော်ကကတော့ အကြွေစောခဲ့ပါတယ်။ သူ့ခမျာ အသက် ၆၃နှစ်မွေးနေ့အပြီး ၁၉၉၁ခုနှစ် ဇွန်လ ၁၁ရက်နေ့မှာ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့ပါတယ်။
 
မောင်သော်ကဟာ ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် အမည်မည်းစာရင်းပယ်ဖျက်ခံရချိန်မတိုင်ခင် ကျွန်တော့်ရဲ့ မြန်မာနိုင်ငံသို့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ၁၉၈၉ခုနှစ်ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရောက်စဉ်ကတည်းက မောင်သော်ကနဲ့ ဆုံခဲ့တာပါ။
 
၁၉၈၀ပြည့်နှစ်နှောင်းပိုင်းကာလမှာ မောင်သော်ကဟာ ဆူလေးဘရားအနီးရန်ကုန်မြို့လယ်ခေါင်မှာ ဓာတ်ပုံဆိုင်သေးသေးလေးတစ်ဆိုင်ကို ပိုင်ဆိုင်ခဲ့တယ်။ အဲဒီဆိုင်မှာ ရုပ်ရှင်ခွေတွေရောင်းသလို မိတ္တူကူးတဲ့ ၀န်ဆောင်မှုလည်းပေးပါသေးတယ်။ ကျွန်တော်ရန်ကုန်မှာ မောင်သော်ကနဲ့အတူ ရက်တော်တော်များများကို ဖြတ်သန်းခဲ့တယ်။
 
၁၉၈၀မတိုင်ခင်တစ်နှစ်ခွဲလောက်က ရန်ကုန်မြို့လမ်းမတွေကိုတုန်လှုပ်သွားစေခဲ့တဲ့ ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲတွေအကြောင်းနဲ့ပတ်သတ်ပြီး မောင်သော်က က လုံးစေ့ပတ်စေ့ရှင်းပြခဲ့ပါသေးတယ်။ နောက်ပြီး သူ့ရဲ့ပစ်ကပ်ကားငယ်လေးနဲ့ ပြည်သူတွေအသတ်ခံခဲ့ရတဲ့နေရာကို လိုက်ပြပါတယ်။ သူနဲ့ကျွန်တော်နဲ့ဟာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အကူအညီမပါပဲ ကျွန်တော်ရေးသားပြုစုတဲ့ “Outrage: Burma’s Struggle for Democracy.” ဆိုတဲ့မှတ်တမ်းကို ဘယ်နည်းနဲ့မှ ပြည့်စုံပြီးစီးနိုင်မှာမဟုတ်ပါဘူး။
 
မောင်သော်ကဆိုတာကတော့ သူ့ရဲ့ကလောင်အမည်ပါ။ နာမည်ရင်းကတော့ ဘသော်ဖြစ်ပြီး ၁၉၂၈ခုနှစ်မှာမွေးဖွားခဲ့ပြီး ရွှေဘိုသားပါ။ သူ့ရဲ့မွတ်စလင်အမည်ကတော့ နူးရ်မိုဟာမတ်ဖြစ်ပါတယ်။ သူနဲ့သူ့မိသားစုတွေအကုန်လုံးက မွတ်စလင်တွေပါပဲ။ ၁၉၈၈ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဆီကိုဦးဆောင်ပြီးသွားရောက်တွေ့ဆုံခဲ့ရာမှာ ပါဝင်ခဲ့တဲ့ ဦးဝင်းတင်နဲ့ ဦးမိုးသုကတော့ ဗုဒ္ဓဘာသာဝင်တွေပါ။ အဲဒီအချိန်ကာလကတော့ ဘာသာရေးကိုအခြေခံပြီး ခွဲခြားဆက်ဆံမယ့် လူ့ပေါက်ပန်းတွေမကြီးစိုးကြသေးပါဘူး။
 
မြန်မာပြည်လွတ်လပ်ရေးမရခင်အရင်တစ်နှစ်၊ ၁၉၄၇ခုနှစ်မှာ မောင်သော်ကဟာ တပ်မတော်(ရေ)ကို ဗိုလ်လောင်းအနေနဲ့ ၀င်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ တပ်မတော်တိုက်ရေယာဉ် ၁၀၃ရဲ့အုပ်ချုပ်သူအရာရှိ အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ဟာသူ့ဘ၀အပြောင်းအလဲစတင်တယ်လို့ဆိုရပါမယ်။ ၁၉၅၆ခုနှစ် နိုဝင်ဘာလမှာ မြန်မာ့အရှေ့တောင်ဘက်ကမ်းရိုးတမ်းကို ကင်းလှည့်နေစဉ် ဗိုလ်မှုးဘသော်တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောကြီးဟာ နစ်မြုပ်ပါတော့တယ်။ သူနဲ့ သူ့လက်အောက်ငယ်သား၂၆ယောက်ဟာ အသက်ကယ်လှေငယ်နှစ်စီးနဲ့ သင်္ဘောကိုစွန့်ခွာခဲ့ကြရပါတယ်။ တပ်သားကိုးယောက်နဲ့ထွက်ခွာသွားတဲ့ အသက်ကယ်လှေတစ်စီးကတော့ ဘယ်သော်အခါမှပြန်မတွေ့ခဲ့ရတော့ပါဘူး။ ကျန်တပ်မတော်သားတွေအားလုံးကိုတော့ ရေထဲမှာမျောပြီး ၁၂ရက်အကြာမှာ ဂျပန်သင်္ဘောတစ်စီးကတွေ့ပြီးကယ်ဆယ်ခဲ့ပါတယ်။ ကယ်တင်ခံရတဲ့အချိန် ဗိုလ်မှုးဘသော်ရဲ့ အသက်ကယ်လှေပေါ်က တပ်မတော်သား၁၈ယောက်ထဲက ခုနှစ်ယောက်ကတော့ ကျဆုံးနှင့်နေပါပြီ။ ဂျပန်သင်္ဘောပေါ်မှာလည်း ကျဆုံးခဲ့ရသူတွေရှိပါသေးတယ်။
 
အဲဒီအဖြစ်ဆိုးကြီးအပြီးမှာတော့ ဗိုလ်မှုးဘသော်ဟာ မောင်သော်ကဆိုတဲ့ကလောင်အမည်ကိုခံယူခဲ့ပြီး သူ့ဘ၀ကိုယ်တွေ့အဖြစ်အပျက်ကိုဖော်ကြူးထားတဲ့ “တိုက်ရေယာဉ် ၁၀၃” ဆိုတဲ့စာအုပ်ကိုရေသားခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ သင်္ဘောပျက်တဲ့ကိစ္စစုံစုံလင်လင်နဲ့ သူနဲ့သူ့တပ်သားတွေဟာ ကယ်သူမဲ့ခဲ့တဲ့ပင်လယ်ပြင်ထဲက နေ့ရက်တွေကို ဘယ်ပုံဘယ်နည်းဖြတ်သန်းခဲ့ရသလဲဆိုတာ ရေးသားဖော်ပြထားပါတယ်။ မောင်သော်ကဟာ ကဗျာတွေ၊ ၀တ္ထုတိုတွေလည်းရေးခဲ့သလို Shakespeare, John Donne နဲ့ Percy Bysshe Shelleyတို့ရဲ့စာတွေကိုလည်းမြန်မာလို ပြန်ဆိုခဲ့ပါသေးတယ်။ ဒါ့အပြင်သင်္ဘောပျက်တဲ့ဇာတ်လမ်းတွေဖြစ်တဲ့ William Cowper ရဲ့ “The Solitude of Alexander Selkirk,” နဲ့ Daniel Defoe ရဲ့ “Robinson Crusoe” တို့ကိုလည်း မြန်မာပြန်ဆိုခဲ့ပါတယ်။
 
မောင်သော်ကဟာ ကဗျာတွေနဲ့တင်လူသိများတာမဟုတ်ပါ၊ သူ့ရဲ့ဟာသဉာဏ်နဲ့ သရော်စာတွေကလည်း ချက်ကောင်းကို ထိုးနိုင်ခဲ့ပါသေးတယ်။ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ ထုတ်တဲ့ အစိုးရထုတ်လစဉ်စာစောင် Forward မှာလည်း အယ်ဒီတာအနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း အာဏာရှိသူတွေကို သရော်လိုတဲ့သူ့စိတ်ကိုတော့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ကြမ်းတမ်းလွန်းတဲ့အုပ်ချုပ်မှုကာလမှာလည်း မောင်သော်ကဟာ သရော်စာတွေရေးခဲ့ပါသေးတယ်။
 
တိုက်ရေယာဉ် ၁၀၃ဖြစ်စဉ်ကြောင့် မောင်သော်က အမျိုးသားသူရဲကောင်းဖြစ်ခဲ့ပါတယ်။ မောင်သော်ကရဲ့သရော်စာတွေကို “ယမကာလုလင်”ဆိုပြီး စုပေါင်းစာအုပ်ထုတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့“Letters from Burma” စာအုပ်ထဲမှာ “ဆရာမောင်သော်ကကို သူရဲ့လုပ်ဖော်ကိုင်ဖက်စာရေးဆရာတစ်ယောက်က သရဲတစ္ဆေယုံကြည်လားလို့ မေးမြန်းတဲ့အချိန် သူက ငါဘာမဆိုယုံတယ်ကွာ၊ ကုန်ကုန်ပြောရရင် ဗမာပြည်ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတောင်ယုံကြည်သေးတာပဲ”လို့ သရော်ခဲ့ကြောင်း ပြန်ပြောင်းရေးသားခဲ့ပါတယ်။
 
၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုစတင်ဖွဲ့စည်းချိန်မှာတော့ မောင်သော်ကဟာ ဗဟိုကော်မတီဝင်ဖြစ်လာခဲ့ပါတယ်။ တခြားဒီမိုကရေစီလှုပ်ရှားရေးခေါင်းဆောင်တွေ နည်းတူပဲ ၁၉၈၉ခုနှစ်မှာ ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွှန့်ရဲ့လက်ချက်နဲ့ မောင်သော်ကဟာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်၂၀ ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအချိန်က တရားသူကြီးတပ်စွဲခဲ့တဲ့ မောင်သော်ကရဲ့အမှုကတော့ တပ်မတော်ကိုစည်းလုံးညီညွတ်မှုပျက်ပြားအောင်ကြိုးစားကြံစည်မှုပါ။ အမှန်တကယ်တော့ မောင်သော်က တပ်မတော်(ရေ)က သူ့ရဲ့မိတ်ဆွေဟောင်းဗိုလ်ကြီးတစ်ယောက်ကို အပြစ်မဲ့အရပ်သားတွေကိုဖြိုခွင်းတဲ့လုပ်ရပ်မှာမပါဝင်ဝင်ဖို့နဲ့ ပြည်သူလူထုဘက်ကရပ်တည်ဖို့စာရေးပြီးတောင်းဆိုခဲ့တာပါ။ အမှုစစ်ခံရချိန်မှာလည်း မောင်သော်ကဟာ ဆိုးဆိုးဝါးဝါး ရိုက်နှက်နှိပ်စက်ခံခဲ့ရတာကြောင့် နဂိုကတည်းက ချို့တဲ့တဲ့ကျန်းမာရေးဟာ အခြေအနေဆိုးရွားခဲ့ပါတယ်။ သူ့ခမျာ ၁၉၅၆ခုနှစ် သင်္ဘောပျက်လို့ ပင်လယ်ထဲမျောနေကတည်းက ကျောရိုးကွေးခဲ့တဲ့ဒဏ်ရာကြောင့် ကျောရိုးကျီးပေါင်းရောဂါကိုခံစားနေရသူပါ။
 
အစိုးရထုတ်ပြန်ချက်မှာတော့ မောင်သော်ကရဲ့ထောင်တွင်း ကျန်းမာရေးအခြေအနေဆိုးရွားနေတာကြောင့် ဆေးရုံကိုလွှဲပြောင်းလိုက်ပြီး ဆေးရုံမှာပဲကွယ်လွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း သူနဲ့အတူတူ အကျဉ်းစံခဲ့ရတဲ့ အပေါင်းအဖော်တွေရဲ့ပြောကြားချက်အရတော့ မတူတဲ့ဇာတ်လမ်းနောက်တစ်မျိုးကို ကြားသိရပါတယ်။ မောင်သော်ကထောင်ထဲမှာသေဆုံးပြီးမှ ဆေးရုံကိုအလောင်းသယ်ခဲ့တာပါ။ အင်းစိန်ထောင်ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအစာအငတ်ခံဆန္ဒပြရာမှာ အားပေးကူညီခဲ့တာကြောင့် သူ့ကို အစာရေစာဖြတ်တောက်ပြီး တိုက်ပိတ်ခဲ့ပါတယ်။ သူလိုအမျိုးသားသူရဲကောင်းတစ်ယောက်၊ ပြည်သူလူထုရဲ့ လေးစားသမှုခံယူထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို အကျဉ်းထောင်ရဲ့ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ သေဆုံးစေခဲ့တာကို ရင်နာမဆုံးဖြစ်ရပါတယ်။ တာဝန်ရှိသူတွေကတော့ ဆေးရုံရာက်မှကွယ်လွန်တယ်လို့ပြောခဲ့ပေမယ့် အဲဒါဟာ ဗြောင်လိမ်ခြင်းသက်သက်သာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မောင်သော်ကကို အာဏာရူးတစ်စုက သတ်ဖြတ်လိုက်တာပါ။
 
မောင်သော်ကရဲ့ရုပ်ကလပ်ကို ရန်ကုန်မြို့ကန်တော်လေးစွန္နီမွတ်စလင်ဥယာဉ်တော်မှာ သူ့ရဲ့အကိုဖြစ်သူ (ဦး)ဘဖော် ခေါ် ဂိုလမ်မာမတ်ရဲ့ နဘေးမှာ မြုပ်နှံခဲ့ပါတယ်။ သူ့အကိုကလည်း ကျည်းတပ်ရဲ့ကပ်ပတိန်တစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၈၀ပြည့်နှစ်မှာကွယ်လွန်ခဲ့သူပါ။
 
၁၉၉၁ခုနှစ်မှာ မောင်သော်ကရုပ်ကလပ်ကို စွန္နီသင်္ချိုင်းကိုသယ်ဆောင်တဲ့အချိန် သင်္ချိုင်းပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေခြေရှုပ်နေခဲ့ပါသေးတယ်။ မြန်မာနိုင်ငံကိုလွန်ခဲ့တဲ့တစ်ခေါက် ပြန်ရောက်တုန်းက မောင်သော်ကခေါင်းချအိပ်စက်ရာ သင်္ချိုင်းကိုအရောက်သွားပြီး အရိုအသေပေးဂုဏ်ပြုခဲ့ပါသေးတယ်။ မောင်သော်ကသည် ကျွန်န်ုပ်၏ ခင်မင်ရင်းနှီးသောမိတ်ဆွေကောင်၊ မြင့်မြတ်သောစိတ်ထားပိုင်ရှင်နှင့် စစ်မှန်သော မြန်မာ့မျိုးချစ်တစ်ယောက်ဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။
 
ဗိုလ်မှူးဘသော်(ခ) စာရေးဆရာ ဆရာသော်က ထောင် တွင်းကျဆုံးခြင်း (၂၆)နှစ်ပြည့်။
 
(၁၉၉၁ခုနှစ် ဇွန်လ ၁၁ရက်နေ့ အသက် ၆၃နှစ်အရွယ်တွင်ကွယ်လွန်သည်။)
No automatic alt text available.
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့က ဧရာဝတီအင်္ဂလိပ်ဘလောက်တွင်ဖော်ပြခဲ့သော မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်စာရေးဆရာ ဘာတေးလစ်တနာ၏ A Tribute to Maung Thaw Ka ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုပါသည်။ (http://www.irrawaddy.org/magazine/tribute-maung-thaw-ka.html)
(စတီဗင်)