တစ်နှစ်မပြည့်ခင် ဟာဖိဇ်ဖြစ်သွားတဲ့ အသက် ၆ နှစ်အရွယ် နိုင်ဂျီရီးယားသားလေး

 

နိုင်ဂျီရီးယားနိုင်ငံက အသက် ၆ နှစ်အရွယ်ကလေးငယ်ဟာ တစ်နှစ်မပြည့်ခင်အချိန်အတွင်းမှာပဲ ကုရ်အာန်အာဂုံဆောင်(ဟာဖိဇ်)ပြီးမြောက်ခြင်း အမှုကို လုပ်နိုင်ခဲ့တာကြောင့် ငယ်ရွယ်သူမွတ်စလင်များအကြား စံပြဖြစ်လာခဲ့ပါပြီ။

သူ့နာမည်က စလီးမ်အဗ္ဗဒွလ်ကရီးမ်ဖြစ်ပါတယ်။ “ကျနော်ဆရာဝန်တစ်ယောက်ဖြစ်ချင်တယ်။ ကျနော့်ရဲ့အမြင့်မားဆုံးရည်မှန်းချက်ကတော့ ကျနော်ချစ်ရတဲ့နိုင်ငံ နိုင်ဂျီရီးယားကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်တပ်တစ်အားကူညီရေးပါပဲ” လို့ သူကပြောပါတယ်။ “ကျနော့်အိပ်မက်သာအကောင်အထည်ပေါ်ခဲ့မယ်ဆိုရင် မကျန်းမာသူတွေကို ပြုစုကုသပေးရင်း လူသားတွေကိုအကျိုးပြုချင်တယ်။ ကျနော်ရည်မှန်းချက်ပြည့်ဝခဲ့ရင် ပျော်ရွှင်မိမှာပါ။ မိဘနဲ့ ဆရာ၊ ဆရာမတွေရဲ့ ကူညီပံ့ပိုးခြင်း၊ အားပေးခြင်းတွေကြောင့် ကျနော့်အိပ်မက်တွေအကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ဆရာဝန်ဖြစ်ဖို့ ကျနော်လုံးဝယုံကြည်ချက်ရှိတယ်” လို့ စလီးမ်ကဆက်ပြောပါတယ်။

ပရော်ဖက်ဆာအန်ဂိုးအဗ္ဗဒွလ်လာဟီ နိုင်ငံတကာပညာရေးကျောင်း (Professor Ango Abdullahi International School) က ကျောင်းသားဖြစ်သူ စလီးမ်ဟာ ၂၀၁၆ မေလမှာ ကုရ်အာန်အာဂုံစဆောင်ခဲ့ပြီး ၂၀၁၇ မေလမှာ ပြီးမြောက်ခဲ့ပါတယ်။

ကျောင်းအုပ်ချုပ်ရေးမှူး မာလမ် ဟမ်ဇာ ဂျစ်ဘရီးလ်က “စလီးမ်ကို ၂၀၁၆ မေလမှာ သူ့မိဘတွေက ကျောင်းလာအပ်ခဲ့တယ်။ သူ့အဖေဟာ ဇာရီယာမြို့က အဟ်မဒူ ဘဲလိုတက္ကသိုလ် (ABU) ရဲ့ ဓာတုအင်ဂျင်နီယာဌာနက ကထိက ပရော်ဖက်ဆာ အဗ္ဗဒွလ်ကရီးမ် အက်စ်. အဟ်မဒ် ဖြစ်ပါတယ်။ စလီးမ်ကျောင်းတက်တက်ခြင်း ကုရ်အာန်အက္ခရာတစ်လုံးကိုမှ မသိခဲ့သလို ကုရ်အာန်ကိုလည်း ကောင်းကောင်းမဖတ်တတ်သေးပါဘူး” လို့ ပြောပါတယ်။

လာမယ့် သြဂုတ်နဲ့ စက်တာဘလအကြား ဆော်ဒီအာရေးဗျနိုင်ငံမှာကျင်းပမယ့် ကုရ်အာန်ဖတ်ပြိုင်ပွဲမှာ စလီးမ်ကို ဝင်ရောက်ယှဉ်ပြိုင်ခိုင်းဖို့အတွက် ကျောင်းဘက်က စတင်စီစဉ်နေပြီလို့လည်း သိရပါတယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP