MM ရောင်နက်ဗလီရှေ့ဆောင်ဆရာ မုဖ်သီအလီနှင့် တွေ့ဆုံးမေးမြန်းခြင်း

ဉာဏ်အလင်း

“ဆရာဦးကိုနီဟာ မိမိတတ်ထားတဲ့ပညာကိုပြည့်ပြည့်၀၀ပြန်ပြီးတော့အသုံးချတယ်။ ဆရာဦးကိုနီလိုလူတွေအများကြီးပေါ်ထွန်းဖို့အတွက်က နံပါတ် (၁) ကျနော်တို့ ပညာရေးကိုအားပေးအားမြှောက်ပြုရမယ်။ နံပါတ် (၂) အဲဒီတော့တတ်ထားတဲ့ပညာအပေါ်မှာပြန်ပြီးတော့အသုံးချနိုင်ဖို့အတွက်၊ အလုပ်လုပ်နိုင်ဖို့အတွက် လုပ်ကွက်တွေကျနော်တို့ဖန်တီးပေးရမယ်။ သူတို့ကိုတိုက်တွန်းနှိုးဆော်မှုပြုရမယ်”

ဇန်န၀ါရီလ ၂၉ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အကြမ်းဖက်သမားတစ်ဦးရဲ့ အကြမ်းဖက် ပစ်ခတ်လုပ်ကြံခြင်းကိုခံရပြီး ကျဆုံးသွားတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဆရာဦးကိုနီနဲ့ ပတ်သက်ပြီး MM ရောင်နက် အစ္စလာမ်ဗလီရှေ့ဆောင်ဆရာ မုဖ်သီအလီကို ဉာဏ်အလင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဉာဏ်အလင်း – အတ်စ်စလားမို့အလိုင်းကွန်းမ်ဆရာ၊ ကျနော်ကတော့ ဉာဏ်အလင်းအွန်လိုင်းမဂ္ဂဇင်းကပါ။

မုဖ်သီအလီ – ၀ါလိုင်းကုမွတ်စ်စလားမ် ၀ရဟ်မသွလ္လာဟ်

ဉာဏ်အလင်း – လက်ရှိဆရာဦးကိုနီအကြမ်းဖက်သတ်ဖြတ်ခံရခြင်းနဲ့ပတ်သက်ပြီးဆရာရဲ့သဘောထားအမြင်လေးတွေ နည်းနည်းမေးမြန်းခွင့်ပြုပါ။ ဆရာဦးကိုနီကွယ်လွန်သေဆုံးသွားတဲ့အတွက် ဆရာ့ရင်ထဲမှာ ဘယ်လိုခံစားရလဲ။

မုဖ်သီအလီ – မှတ်မှတ်ရရပြောရရင် ဇန်န၀ါရီလ ၂၉ရက် တနင်္ဂနွေနေ့ ကျနော်ပုသိမ်သွားနေတယ်။ လမ်းမှာ ကျနော့်မိတ်ဆွေတစ်ယောက် ဖုန်းဆက်တယ်။ ဆရာဦးကိုနီအကြမ်းဖက်ခံရပြီးတော့ ရှဟီးဒ်ဖြစ်သွားပြီ၊ ကွယ်လွန်သွားပြီဆိုပြီး။ စိတ်ထဲမှာတော်တော်လေးကြေကွဲသွားတယ်။ ကျနော်သွားနေတာက တရားဟောဖို့သွားနေတာ။ ဒါပေမဲ့ စိတ်ထဲမှာဟောချင်စိတ်ပြောချင်စိတ် ပျောက်သွားတယ်။ ဒါပေမဲ့ အစီအစဉ်က ကြေညာပြီးသားဖြစ်သွားတော့ အဲဒီဗလီမှာဆရာဦးကိုနီအတွက် အီစာလေဆ၀ါးဗ်ရဲ့အစီအစဉ်ကျနော်လုပ်တယ်။ နောက် ကျနော့်ရဲ့အစီအစဉ်အားလုံးဟာ ဆရာဦးကိုနီရဲ့ အမှတ်တရစကားလေးတွေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ ဆရာဦးကိုနီကွယ်လွန်သေဆုံးသွားတဲ့အချိန်မှာ ဘယ်လိုခံစားလိုက်ရလဲဆိုတော့ ဆရာဦးကိုနီက ကျနော့်ရဲ့ဆရာတော့မဟုတ်ဘူး။ သို့ပေမယ့် ကျနော့်ရဲ့ဆရာတစ်ယောက်ကွယ်လွန်သေဆုံးသွားသလို တော်တော်ကြီးကြေကြေကွဲကွဲခံစားလိုက်ရတယ်။ ရင်ထဲမှာဟာသွားတယ်ပေါ့ဗျာ။

ဉာဏ်အလင်း – နောက်ထပ်မေးခွန်းတစ်ခုက ဆရာဦးကိုနီဟာ နိုင်ငံရေးနဲ့ ဥပဒေရေးရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီးတော့ အများလေးစားခံရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ပြီးတော့ မွတ်စလင်အသိုင်းအ၀ိုင်းအတွက်လည်း ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေပေးခဲ့သူဖြစ်တာကြောင့် သူ့အလွန်မွတ်စလင်အသိုင်းအ၀ိုင်းအတွက် ဘယ်လိုမျိုးဆုံးရှုံးနစ်နာမှုတွေရှိလိမ့်မယ်လို့ ဆရာထင်လဲ။

မုဖ်သီအလီ – ဆရာဦးကိုနီဟာ မြန်မာနိုင်ငံအတွက်ရော၊ မြန်မာနိုင်ငံမှာမှီတင်းနေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက်ပါ တော်တော်တန်ဖိုးရှိတဲ့ အဖိုးဖြတ်မရတဲ့ အစားထိုးမရတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဆရာဟာမိမိရဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ မိမိတတ်ကျွမ်းတဲ့ ဥပဒေပညာနဲ့ တစ်ဖက်မှာနိုင်ငံတော်ကိုအလုပ်ကျွေးပြုခဲ့သလို နောက်တစ်ဖက်မှာ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေအတွက် အလွန်တရာကောင်းမွန်တဲ့ လမ်းညွှန်မှုတွေပေးခဲ့တယ်။ မှတ်မှတ်ရရ ဆရာဦးကိုနီရဲ့လမ်းညွှန်မှုလေးတစ်ခုပြောရမယ်ဆိုရင် ဆရာဦးကိုနီဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေကို တစ်စုတစ်စည်းထဲနဲ့ပဲ ညီညီညွတ်ညွတ်နေထိုင်ဖို့အတွက် ဆုံးမစကားပြောခဲ့တယ်။ ဆရာဦးကိုနီပြောတဲ့ဆုံးမစကားဟာ ကျနော်တို့ရဲ့ဆရာတွေပြောတဲ့ဆုံးမစကားပါ။ ဆရာဦးကိုနီရဲ့ဆုံးမစကားဟာ ကျနော်တို့အစ္စလာမ်ကပြောခဲ့တဲ့ဆုံးမစကားဖြစ်တယ်။ ဆရာဦးကိုနီကပြောတယ်။ “ကျနော်ဘာသာရေးတရားဟောတာတော့မဟုတ်ပါဘူး။ သို့ပေမယ့် ခင်ဗျားတို့အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့နေထိုင်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်သခင်က ကျနော်တို့ကိုအဲဒီပုံစံအတိုင်းပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံမှာ။ ကျနော်တို့အတွက်ကောင်းတဲ့ဆုံးဖြတ်ချက်တွေအလ္လာဟ်အရှင်မြတ်သခင် လုပ်ပေးမယ်” လို့ ဆရာဦးကိုနီပြောခဲ့တာကို ကျနော်မှတ်သားရပါတယ်။ ဆရာဦးကိုနီလိုဥပဒေပညာရှင်တစ်ယောက်က တစ်ဖက်က ဘာသာရေးရှုထောင့်ကနေ ကျနော်တို့ကိုဒီလိုလမ်းညွှန်မှုပေးလိုက်တာကိုကြည့်ပြီးတော့ တစ်ဖက်ကအံ့လည်းတော်တော်အံ့သြမိတယ်။ တစ်ဖက်က ကြည်လည်းကြည်နူးမိသွားတယ်။ အဲဒီတော့နိုင်ငံအတွက်သိပ်ကိုတန်ဖိုးရှိတဲ့နိုင်ငံအတွက်သားကောင်းရတနာတစ်ပါး၊ ကျနော်တို့အစ္စလာမ်ဘာသာဝင်တွေအတွက် သိပ်ကိုတန်ဖိုးရှိတဲ့ဆရာတစ်ပါး ကွယ်လွန်သွားတယ်ဆိုတော့ ကျနော်တို့အတွက်တော်တော်ကြီးမားတဲ့ကွက်လပ်ကြီးတစ်ခုဖြစ်သွားတယ်။ အစားထိုး မရဘူးလို့ ကျနော်တို့ဖက်က ပြောချင်ရင်ပြောလို့ရတယ်။ ဒါပေမဲ့ အင်ရှာအလ္လာဟ် အလ္လာဟ်အရှင်မြတ်သခင်အရာရာကိုနိုင်နင်းတော်မူသောအရှင်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်သခင်ဆီမှာပဲ တောင်းခံတယ်။ ဆရာဦးကိုနီလိုမျိုး ဒီထက်ကောင်းတဲ့အစားထိုးစရာလူ ကျနော်တို့မြန်မာနိုင်ငံကိုလည်း ချီးမြှင့်ပါစေ၊ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေကိုလည်း ချီးမြှင့်ပါစေ။ အဲဒီတော့ဆရာဦးကိုနီရဲ့လမ်းညွှန်မှုတွေဟာ ကျနော်တို့အတွက်သိပ်တန်ဖိုးရှိတယ်။ အဲဒီတော့လစ်ဟာသွားတဲ့ကွက်လပ်တွေကို၊ ဆရာဦးကိုနီရဲ့လမ်းညွှန်မှုတွေကို ကျနော်တို့ခံယူပြီးတော့ ရှေ့ဆက်ပြီးသွားမယ်ဆိုရင်တော့ ကျနော်တို့မြန်မာနိုင်ငံအတွက်ရော၊ အစ္စလာမ်သာသနာဝင်တွေအတွက်ရော ကောင်းတဲ့ရလဒ်တွေရရှိနိုင်တဲ့အနေအထားတစ်ရပ်ဖြစ်ပါတယ်။

ဉာဏ်အလင်း – နောက်တစ်ခုက ဆရာက ဗလီဆရာလည်းဖြစ်တယ်။ ဘာသာရေးပညာရှင်တစ်ပါးလည်းဖြစ်တာကြောင့်မို့ ဦးကိုနီနဲ့ပတ်သက်ပြီးတော့ ဘာသာရေးရှုထောင့်ကနေ တစ်ချက်လောက်သုံးသပ်ပေးပါဦး။

မုဖ်သီအလီ – ကျနော်တို့အစ္စလာမ်သာသနာဝင်တွေမှာ အားနည်းချက်တစ်ခု ဘာတွေ့ရလဲဆိုတော့ ပတ်ဝန်းကျင်နယ်ပယ်တစ်ခုထဲမှာလူတစ်ယောက်က နက်နက်ရှိုင်းရှိုင်းနစ်မြုပ်သွားပြီ၊ အဲဒီထဲမှာပဲ ကျင်လည်သွားပြီဆိုရင် နောက်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အမြင်မကြည်တာတွေ၊ ဝေဖန်တာတွေ၊ ပုတ်ခတ်တာတွေ ကျနော်တို့တွေ့နေရတယ်။ ဒါကကျနော်တို့အတွက် စိတ်မကောင်းစရာတစ်ခုပေါ့လေ။

ဒါပေမဲ့ ဆရာဦးကိုနီရဲ့ထူးခြားချက်က ဆရာဦးကိုနီဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ ဥပဒေနယ်ပယ်ထဲမှာ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ထိုးဖောက်ပြီးတော့ ဒီထဲမှာပဲကျင်လည်ပြီးတော့ မိမိဘ၀ကိုမြှုပ်နှံထားတယ်။ ဒါပေမဲ့ ဆရာဦးကိုနီက တခြားဘာသာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဝေဖန်ချက်တွေ၊ ၀င်ရောက်စွက်ဖက်မှုတွေ၊ တစ်ခေါက်မှကျနော်မကြုံခဲ့ရဘူး၊ မတွေ့ခဲ့ရဘူး။ ဒါဟာဆရာဦးကိုနီရဲ့တခြားသူတွေနဲ့ မတူတဲ့ သူမတူတဲ့ထူးခြားချက်တစ်ခုလို့ ကျနော်ကောက်ချက်ချတယ်။ ဒီအတွက်ကြောင့် ဆရာဦးကိုနီရဲ့ ဈာပနအခမ်းအနား၊ ဂျနာဇဟ်အခမ်းအနားမှာ ဘာသာပေါင်းစုံကလူတွေအားလုံးတက်ရောက်ကြသလို ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေထဲကလည်းပဲ အလွှာပေါင်းစုံကလူတွေ၊ အာလင်မ်သာသနာ့ပညာရှင်တွေ၊ တစ်ဖက်က ခေတ်ပညာတတ်တွေ၊ တစ်ဖက်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလွှာပေါင်းစုံကလူတွေအားလုံးက ဆရာဦးကိုနီရဲ့ဂျနာဇဟ်ကို ၀တ်ကျေတန်းကျေဆိုတဲ့ ပုံစံမဟုတ်ဘဲနဲ့ လှိုက်လှိုက်လှဲလှဲနဲ့တော်တော်ခံစားချက်အပြည့်နဲ့တက်ရောက်တာကို ကြည့်ခြင်းအားဖြင့် ဘာသိရလဲဆိုတော့ ဆရာဦးကိုနီဟာ ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်သာသနာဝင်တွေကို တစ်စုတစ်စည်းထဲဖြစ်အောင် ဦးဆောင်မှုပေးနိုင်တဲ့ တကယ်ကြီးကျယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ အဲဒီတော့ ဘာသာရေးရှုထောင့်အရပြောရမယ်ဆိုရင် ဆရာဦးကိုနီဟာ ဘာသာရေးရှုထောင့်အရ အငြင်းပွားဖွယ်ရာပုဂ္ဂိုလ်ထဲမှာ မပါတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ကျနော်ကောက်ချက်ချချင်ပါတယ်။

ဉာဏ်အလင်း – နောက်ဆုံးမေးခွန်းပါဆရာ။ ဦးကိုနီလိုပုဂ္ဂိုလ်တွေများများပေါ်လာပြီးတော့ မြန်မာနိုင်ငံအတွက်ရော၊ မွတ်စလင်အသိုင်းအ၀ိုင်းအတွက်ရော အကျိုးပြုနိုင်ဖို့အတွက်ကို မွတ်စလင်တွေအနေနဲ့ဘယ်လိုကြိုးစားဆောင်ရွက်သင့်သလဲ။ အထူးသဖြင့် မွတ်စလင်လူငယ်တွေပေါ့နော် ဆရာ။

မုဖ်သီအလီ – ဒါနဲ့ပတ်သက်ပြီး ကျနော်အချက်နှစ်ချက်ပြောချင်တယ်။ နံပတ်တစ်အချက်ကတော့ ကျနော်တို့ အစ္စလာမ်သာသနာဆိုတာက ပညာရေးကိုအလွန်တရာအားပေးအားမြှောက်ပြုတဲ့သာသနာဖြစ်တယ်။ ကျနော်တို့ရဲ့နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် မဟာတမန်တော်မြတ်ကြီး ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ပေါ်မှာ ပထမဦးဆုံးဗျာဒိတ်တော်ချပေးခဲ့တာက ပညာရေးနဲ့ပတ်သက်တဲ့ ဗျာဒိတ်တော်ကိုချပေးခဲ့တယ်။ အဲဒီတော့ ဦးကိုနီလို လူတွေများများပေါ်လာဖို့ဆိုတာက (၁) အချက်၊ ကျနော်တို့မြန်မာမွတ်စလင်အသိုင်းအ၀ိုင်းသည် ပညာရေးကို အားပေးအားမြှောက်ပြုရမယ်။ ပိုက်ဆံတတ်နိုင်တဲ့အသိုင်းအ၀ိုင်းအနေနဲ့လည်း မိမိတို့သားသမီးတွေကို စီးပွားရေးထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့မြှုပ်နှံတယ်ဆိုတာထက် ကျနော်တို့သားသမီးတွေကို ဘာသာရေးပညာမှာပဲမဆို ဒီဖက်က ခေတ်ပညာမှာမဆို အားလုံးဝိုင်းဝန်းကူညီပံ့ပိုးပြီးတော့ ကြိုးစားပြီးတော့ ဒီကလေးတွေကို ရှေ့ရောက်အောင် ကြိုးစားပေးစေချင်တယ်။ ဆိုလိုတဲ့သဘောက ပညာတတ်တွေများများပေါ်ထွန်းအောင်ကြိုးစားရမယ်။ နံပါတ် (၁)။ နံပါတ် (၂) ကျနော်တို့သင်လိုက်တဲ့ပညာဟာ မင်္ဂလာဆောင်တဲ့အခါမှာ ဖိတ်စာမှာ ဘွဲ့တစ်ခုအတွက်ထည့်သုံးတယ်ဆိုတာထက်ကို ဒီပညာကိုလက်တွေ့ပြန်ပြီးတော့အသုံးချဖို့အတွက် ဘာသာရေးပညာသင်ထားတဲ့လူဘာသာရေးလောကမှာ၊ နိုင်ငံရေးပညာသင်ထားတဲ့လူနိုင်ငံရေးလောကမှာ စသဖြင့်ပေါ့။ မိမိသင်ထားတဲ့ပညာနဲ့ပတ်သက်တဲ့လောကမှာ ဒီပညာကိုထဲထဲဝင်ပြန်ပြီးတော့အသုံးချဖို့အတွက် ကျနော်တို့ကြိုးစားရမယ်။ ဆရာဦးကိုနီရဲ့အောင်မြင်မှုကိုလေ့လာရင်လည်းဒါပဲတွေ့ရမယ်။ ဆရာဦးကိုနီဟာ မိမိတတ်ထားတဲ့ပညာကိုပြည့်ပြည့်၀၀ပြန်ပြီးတော့အသုံးချတယ်။ ဆရာဦးကိုနီလိုလူတွေအများကြီးပေါ်ထွန်းဖို့အတွက်က နံပါတ် (၁) ကျနော်တို့ ပညာရေးကိုအားပေးအားမြှောက်ပြုရမယ်။ နံပါတ် (၂) အဲဒီတော့တတ်ထားတဲ့ပညာအပေါ်မှာပြန်ပြီးတော့အသုံးချနိုင်ဖို့အတွက်၊ အလုပ်လုပ်နိုင်ဖို့အတွက် လုပ်ကွက်တွေကျနော်တို့ဖန်တီးပေးရမယ်။ သူတို့ကိုတိုက်တွန်းနှိုးဆော်မှုပြုရမယ်။ အဲဒီအချက်နှစ်ချက်အပေါ်မှာ ကျနော်တို့လုပ်ဆောင်သွားမယ်ဆိုရင် အင်ရှာအလ္လာဟ် ဆရာဦးကိုနီလိုလူတန်းစားတွေ အများကြီး ကျနော်တို့မွတ်စလင်အသိုင်းအ၀ိုင်းမှာ ပေါ်ထွန်းလာနိုင်ပါတယ်။ အဲဒီလိုပေါ်ထွန်းလာမယ်ဆိုရင် ကျနော်တို့မွတ်စလင်တွေသမိုင်းကြောင်းကောင်းခဲ့တဲ့အစဉ်အလာကိုဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်တယ်။ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေဆိုတာက မိမိတို့မှီတင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံကြီးကို အရင်တုန်းကလည်း အကျိုးပြုခဲ့တယ်၊ အခုလည်းအကျိုးပြုခဲ့တယ်။ ဆရာဦးကိုနီဆိုရင် အကျိုးပြုနေရင်းနဲ့ပဲ မိမိရဲ့အသက်ကိုပေးဆပ်သွားခဲ့တာ။ အဲဒီတော့ရှေ့ဆက်ပြီးတော့လည်း အကျိုးပြနိုင်ဖို့အတွက်က ဒီလိုလူငယ်တွေပေါ်ထွန်းဖို့လိုအပ်တယ်။ အဲဒီလိုလူငယ်တွေဘယ်လောက်ပေါ်ထွန်းလာမလဲ၊ ကျနော်တို့နိုင်ငံအတွက်အကျိုးရှိမယ်၊ ကျနော်တို့သာသနာအတွက်အကျိုးရှိမယ်။ အဲဒီတော့ ကျနော်တို့ဒါကိုအလေးအနက်ထားသင့်ပါတယ်လို့ ပြောလိုပါတယ်။

ဉာဏ်အလင်း – ဆရာဖက်က ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

မုဖ်သီအလီ – ဖြည့်စွက်ပြောချင်တာကတော့ ဆရာဦးကိုနီကွယ်လွန်သေဆုံးသွားတဲ့အပေါ်မှာ ကျနော်လည်း ယူကျုံးမရခံစားရတယ်။ အစ္စလာမ်ဘာသာဝင်တွေအားလုံးလည်းပဲ ယူကျုံးမရခံစားလိုက်ရတယ်။ အထူးသဖြင့် ဆရာဦးကိုနီရဲ့မိသားစုကတော့ဘာပြောမလဲ၊ ဖြေမဆည်နိုင်လောက်အောင်ခံစားနေရတယ်လို့ ကျနော်လည်းခန့်မှန်းမိတယ်။ သုံးသပ်မိတယ်။ ကျနော်တို့မြန်မာစကားမှာရှိတယ်။ “ရှင်ရင်ရွှေထီး၊ သေရင်မြေကြီး”ပါ။ သို့ပေမယ့် ကျနော်တို့ဆရာဦးကိုနီဟာ အီမာန်ရှင်တစ်ယောက်ဖြစ်တယ်။ ဘ၀သက်တမ်းတစ်လျှောက်လုံး နိုင်ငံကိုအကျိုးပြုရင်းနဲ့ အီမာန်အပေါ်မှာ မားမားမတ်မတ်ရပ်တည်ခဲ့တယ်။ နောက်ဆုံးထွက်သက်မှာလည်းပဲ နိုင်ငံကိုအကျိုးပြုပြီးတော့ အီမာန်နဲ့တကွကွယ်လွန်သေဆုံးသွားတဲ့အတွက်ကြောင့် ဆရာဦးကိုနီဟာ ရှင်တုန်းက ရွှေထီးဆောင်းခဲ့သလို လက်ရှိလည်းပဲ ရွှေထီးဆောင်းလျက်ပါပဲလို့ ကျနော်သုံးသပ်လိုပါတယ်။ အလ္လာဟ်အရှင်မြတ်သခင် ဆရာဦးကိုနီကိုကောင်းမွန်တဲ့ဘ၀မှာ ကောင်းမွန်တဲ့ဘ၀မှာ အကောင်းဆုံးထားမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အလ္လာဟ်အရှင်မြတ်သခင်ကျနော်တို့အားလုံးကို ဆရာဦးကိုနီချပေးခဲ့တဲ့ လမ်းစဉ်တွေ၊ အထူးသဖြင့်သူအားပေးခဲ့တဲ့ နှိုးဆော်ခဲ့တဲ့ မွတ်စလင်တွေအားလုံး စည်းစည်းလုံးလုံးနဲ့ မိမိတို့ရဲ့ဘ၀ရှေ့လမ်းခရီးကို ဆက်ကြပါဆိုတဲ့ စကားပေါ်မှာလိုက်နာပြီးတော့ အကောင်အထည်ဖော်နိုင်စွမ်းများ ချီးမြှင့်တော်မူပါစေ။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာဦးကိုနီကို ဂျန္နသွလ်ဖိရ်ဒေါင်းစ်မှာ အဆင့်အတန်းမြင့်မြင့်ချီးမြှင့်ပေးသနားတော်မူပါစေ။ ကျန်ရစ်တဲ့မိသားစုကို အလ္လာဟ်အရှင်မြတ်သခင် ဆွဗ်ရေ့ဂျမီးလ်၊ အကောင်းဆုံးခန္တီတရား အလ္လာဟ်အရှင်မြတ်သခင်ချီးမြှင့်တော်မူပါစေ။ ဒီမသားစုကြီးကို အလ္လာဟ်အရှင်မြတ်သခင် ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။ ဆရာဦးကိုနီကွယ်လွန်သွားတဲ့အပေါ်မှာ နိုင်ငံအတွက်၊ ကျနော်တို့အစ္စလာမ်အဖွဲ့အစည်းအတွက် လစ်ဟာသွားတဲ့ ကွက်လပ်ကြီးကို အလ္လာဟ်အရှင်မြတ်သခင်အကောင်းဆုံးနဲ့ အမြန်ဆုံးဖြည့်ဆည်းပေးသနားတော်မူပါစေလို့ ကျနော့်အနေနဲ့ ဆုမွန်ဒိုအာကောင်းတောင်းအပ်ပါတယ်။

ဉာဏ်အလင်း – ကျေးဇူးတင်ပါတယ်ဆရာ။

မုဖ်သီအလီ – ဂျီးကောင်းပါပြီ။

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE